Monday, July 29, 2019

ကျွန်တော်နဲ့ ကလေးသူငယ်အခွင့်အရေး


 
ဘ၀ဟာ ဆန်းကြယ်လှပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကိုယ်လုပ်ခဲ့တဲ့၊ ရင်ဆိုင်ဖြေရှင်းခဲ့တဲ့၊ အလုပ်တစ်ခုရဲ့ ရလဒ်ကို အမှတ်မထင်ဘဲ မျက်ဝါးထင်ထင် ပြန်တွေ့လာရပါတယ်။


၁၉၈၉ ခုနှစ်။ ကျွန်တော်က ဂျာမနီနိုင်ငံမှာ ဘွဲ့လွန်ပါရဂူဘွဲ့ယူပြီး ပြန်ရောက်တာ လပိုင်းပဲ ရှိသေးတာ။ တက္ကသိုလ် ကလည်း ပိတ်ထားတာ။ ဌာနကိုမနက် တစ်ခေါက်လောက် မျက်နှာပြပြီး ရင်ပြီးရော။ ကိုယ်က အလုပ်တွေအများကြီး လုပ်ချင်ပေမယ့် မလုပ်ခဲ့ရဘူး။ အခုလိုဖြစ်နေချိန်မှာ မထင်မှတ်ဘဲ အခွင့်အရေးတစ်ခု ပေါ်လာခဲ့တယ်။ န၀တအစိုးရ ဖွဲ့စည်းတဲ့အခါ တစ်ဦးတည်းသော အရပ်သား ဝန်ကြီးက ဆရာကြီးဒေါက်တာ ဦးဖေသိန်း။ သူကဝန်ကြီးဌာနနှစ်ခုကို ပူးတွဲတာဝန် ယူနေတာ။ သူနဲ့ကျွန်တော်က အရင်ကတည်းက သိကျွမ်းခဲ့တာ။ ကျွန်တော်က ပါရဂူဘွဲ့ရ ပြီးချိန်မှာ သုတေသနလုပ်ငန်းတွေ လုပ်ခဲ့တယ်။ နယ်ပယ်တစ်ခုကတော့ ကျန်းမာရေးကဏ္ဍ။ ဒါကြောင့်လည်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း နှစ်ပတ်လည် ညီလာခံမှာ သုတေသနစာတမ်းတွေ ဖတ်ခဲ့တယ်။ ဆရာ ကြီးကိုယ်တိုင်က သုတေသန ဝါသနာပါတော့ ကျွန်တော်တို့နှစ်ဦး ပေါင်းမိသွားတယ်။ ဆရာကြီးက ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်က ဌာနသုံးနေရာမှာ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့သူ။

ဌာနအသစ်တစ်ခု ဖွဲ့စည်း

အခုလို ကျန်းမာရေးဝန်ကြီးဖြစ်လာတော့ ဌာနအသစ်တစ်ခု ဖွဲ့စည်းချင်တယ်။ အဲဒီဌာန မှာ တာဝန်ယူဖို့ ကမ်းလှမ်းခဲတယ်။ ဌာနကစီမံကိန်းနဲ့ စာရင်းအင်းဦးစီးဌာန၊ ရာထူးအနေနဲ့လည်း ညွှန်ကြားရေးမှူးချုပ် ဖြစ်တာမို့ မက်မောစရာပါ။ ဒီတုန်းက ကျွန်တော်က စီးပွားရေးတက္ကသိုလ်မှာ ကထိက။ ကထိကကနေ ညွှန်ကြားရေးမှူးချုပ်ဖြစ်မှာမို့ အဆင့်တွေ ၃၊ ၄ ဆင့်ကျော် တာမို့ ကျေနပ်မိတာအမှန်ပါ။ ဒါပေမယ့် ကျွန်တော်စိုးရိမ်တာတော့ရှိခဲ့တယ်။ ကိုယ်ရေးရာဇဝင်ဖြည့်ဖို့ အချိန်ရောက် လာတော့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ စိတ်ထဲကထင်မိတယ်။ အမျိုးတော်တဲ့ ပြဿနာကြောင့် ကျွန်တော့်မှာ အကြိမ်ကြိမ် ပြဿနာဖြစ်ခဲ့ဖူးတယ်။ ဒီတုန်းက ဦးလေး လုပ်သူ ဗိုလ်မှူးကြီးမျိုးအောင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လှုပ်ရှားနေ သလို ဖခင်ရဲ့အစ်ကိုလုပ်သူ သခင်ဗသိန်းတင်ကလည်း အသံတွေလွှင့်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီကိစ္စ ဆရာကြီးကို ပြောပြတယ်။ သူကကျွန်တော့်အကြောင်း ပြည့်ပြည့်စုံစုံ သိထားသူ။ ဆရာကြီးရဲ့ဇနီးဖြစ်သူ ပါမောက္ခ ဒေါက်တာ ဒေါ်ကြူကြူဆွေ က ကျွန်တော့် ဦးလေးတစ်ဦးဖြစ်တဲ့ ပါမောက္ခဒေါက်တာ ဦးစိုးမြင့်နဲ့အတူ တစ်ဌာန တည်း လုပ်ကိုင်နေတဲ့သူ။ မန္တလေး ဆေးတက္ကသိုလ်မှာ။ ဆရာကြီးက ကိစ္စမရှိဘူး။ ကိုယ်ရေးရာဇဝင်ဖြည့်ပြီး တင်ပါလို့ပြောခဲ့ တယ်။ နောက်ဆုံးတော့ ပြဿနာမရှိဘဲ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခွင့်ရခဲ့တယ်။

အဲဒီတုန်းက ဌာနအသစ်ဖြစ်တာမို့ လူတွေစုရတယ်။ ဗိုလ်ကြီးကြည်စိုး၊ ဦးအောင်ကြိုင်တို့က ဌာနဖွင့်ပြီးနောက် သိပ်မကြာမီ နိုင်ငံခြားပညာသင် ထွက်သွားကြတယ်။ သမ္မတ(ဟောင်း) ဒေါက်တာ မောင်မောင်ရဲ့ ညီမဖြစ်သူ ဒေါက်တာဒေါ်ညိုညိုကို အစစအရာရာ အားကိုးခဲ့ရတယ်။ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးစာရင်းအင်း ဌာနခွဲမှ ဝန်ထမ်းတွေက ဌာနအသစ်မှာ ပူးပေါင်းလာခဲ့တယ်။ ဒေါ်ဌေးဌေးအေးတို့၊ ဦး Georse တို့၊ ကိုမြင့်ဇော်တို့ အရာရှိငယ်တွေထဲမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတဲ့ ဦးဌေးဝင်း။ အခုညွှန်ကြားရေးမှူးချုပ်ဖြစ်နေတဲ့ ဒေါက်တာ ဒေါ်စန်းစန်းအေး။ ဌာနက အသစ်ဆိုတော့ ကိုယ့်ခြေကိုယ့်လက်။ သိမ်ဖြူလမ်းက အဆောက်အအုံဟောင်း ကြီးမှာ။ ကျွန်တော်ကတော့ ဝန်ကြီးများရုံးမှာ ရုံးထိုင်တယ်။ ဝန်ကြီးအခန်းနဲ့ အနီးကပ်။ အခုလို ဝန်ကြီးဌာနမှာ တာဝန်ယူခွင့်ရှိတော ကျွန်တော်တက္ကသိုလ်မှာရှိစဉ် စဉ်းစားခဲ့တဲ့၊ လုပ်ချင်ခဲ့တာတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့တယ်။

အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့

အရေးကြီးဆုံးပြုပြင်ပြောင်းလဲမှုက အမျိုးသားကျန်းမာရေးကော်မတီ ဖွဲ့စည်းမှု ဖြစ်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာတဲ့ လုပ်ငန်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့မရပါဘူး။ ကျန်ရှိတဲ့ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ညှိနှိုင်းဆောင်ရွက်မှုဟာ အခက်ခဲဆုံး ကိစ္စရပ်ဖြစ်တယ်။ ဒါကြောင့် အမျိုးသားကျန်းမာရေး ကော်မတီဖွဲ့ဖို့ တိုက်တွန်းခဲ့တယ်။ ဆရာကြီး ဒေါက်တာ ဦးဖေသိန်းကို တင်ပြခဲ့တယ်။ ဆရာကြီးက သဘောတူတာနဲ့ အထက်တင်ပြပြီး ဖွဲ့စည်းဖြစ်တယ်။ ဥက္ကဋ္ဌလုပ်သူက အတွင်းရေးမှူး(၁)၊ ကျွန်တော်က အတွင်းရေးမှူး၊ အဖွဲ့ဝင်တွေက စီမံဘဏ္ဍာ ဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ တပ်မတော်ဆေးညွှန်မှူး။ အဖွဲ့ကကျစ်ကျစ် လျစ်လျစ် ဖြစ်တာမို့ အလုပ်လုပ်ရတာ သွက်လက်တယ်။

အမျိုးသားကျန်းမာရေး ကော်မတီကို တင်ပြတဲ့ကိစ္စတေဟာ ကျန်းမာရေးကဏ္ဍသာ မဟုတ်ဘဲ ဆက်စပ်တဲ့ဝန်ကြီးဌာန အားလုံးနဲ့ပတ်သက်တာတွေကို တင်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ကို ဝန်ကြီး ဖြစ်သူ ဆရာကြီးဒေါက်တာ ဦးဖေသိန်းက ဦးစားပေးလုပ်ချင် တာတွေလုပ်ဖို့ တာဝန်ပေးတာမို့ ကျွန်တော်က တာဝန်သုံးပြီး လုပ်ခွင့်ပေးဖို့ တင်ပြခဲ့ ပါတယ်။ ပထမအလုပ်ကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ တည်ထောင်ပြီး နိုင်ငံတကာလှုပ်ရှားမှုတွေ ဆက်စပ်ဖို့။ ဒါကြောင့်လည်း ဆရာကြီး လက်ထက်မှာ မြန်မာနိုင်ငံ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းကို တည်ထောင်ခဲ့တယ်။ တစ်ဖက်ကလည်း နိုင်ငံတကာအရပ်ဘက် လူ့အဖွဲ့အစည်း တွေကို ဖိတ်ကြားနိုင်ခဲ့တယ်။ နိုင်ငံရေး အခြေအနေတွေက လည်း လိပ်ခဲတည်းလည်း ဖြစ်ချိန်။ ဒါကြောင့် သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်ခဲ့ရတယ်။

ဒုတိယကတော့ လူဦးရေတိုးပွားမှုကိစ္စဖြစ်တယ်။ ခေတ်အဆက်ဆက် ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေ တိုးပွားမှု ပြဿနာကို မကိုင်တွယ်ခဲ့ဘူး။ လူဦးရေတိုးပွားမှုကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးကဏ္ဍ အသီးသီးမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်။ ဒါကြောင့် လူဦးရေတိုးပွားမှုနှုန်းဟာ မကိုင် တွယ်ဘဲ လွှတ်ထားရင်ဖြစ် လာနိုင်တဲ့ အကျိုးဆက် တွေကို တွက်ချက်ခဲ့တယ်။ လူကြီးတွေကို တင်ပြခဲ့ တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ဆရာကြီးဒေါက်တာ ဦးကိုကိုက ကျွန်တော့်ကို အကူညီပေးခဲ့တယ်။ နောက်ဆုံး သားဆက်ခြား စီမံချက်ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကာလရှည်အတွက် အလွန်အရေးပါတဲ့ စီမံချက်တစ်ခု ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ ကလေးသူငယ်များနဲ့ ပတ်သက်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ ကလေးများ ရန်ပုံငွေဌာနေကိုယ်စားလှယ်က ကျွန်တော့်ကို ချဉ်းကပ်ခဲ့တယ်။ မြန်မာနိုင်ငံကို ကလေးသူငယ်များ အခွင့်အရေး ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးဖို့ ကျွန်တော်က ဒီကွန်ဗင်းရှင်းကို အသေးစိတ် လေ့လာခဲ့တယ်။ ကိုယ့်နိုင်ငံအတွက် ရမယ့်အကျိုးနဲ့ အပြစ်တွေကို ဆန်းစစ်ခဲ့ပါတယ်။ သုံးသပ်ချက်အရ လက်မှတ်ထိုးရင် နိုင်ငံအတွက် အကျိုးရှိမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို သက်သေအထောက်အထားတွေ စုစည်းပြီးလူကြီးတွေကို တင်ပြခဲ့ တယ်။ အဆုံးအဖြတ်မရတာမို့ ကြုံတိုင်း၊ တွေ့တိုင်းနားပူနားဆာ လုပ်ခဲ့တယ်။ ရှေ့နေချုပ်ကိုလည်း ချဉ်းကပ်ခဲ့တယ်။ လူကြီးတွေ စိုးရိမ်တဲ့ကိစ္စက ကွန်ဗင်းရှင်းဆိုတဲ့ အသုံးအနှုန်းဖြစ်တာကို သိရတယ်။ ခေတ်ကာလ အနေအထားအရ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အကြောင်း ကိစ္စတွေကို ရှေ့တန်း တင်ထားတဲ့ကာလ။ ဒါကြောင့် ကျွန်တော် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို သွားရောက်ခဲ့ပြီး ဥပဒေ ပညာရှင် ပါမောက္ခ ဗီတစ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ကွန်ဗင်းရှင်းရဲ့ အနက် အဓိပ္ပာယ်။ နိုင်ငံ တစ်နိုင်ငံအပေါ် အတိုင်းအတာ ဘယ်အထိ လွှမ်းမိုးနိုင်မယ့်ကိစ္စ။ သူနဲ့ဆုံပြီး ဒီကွန်ဗင်းရှင်းကို ရေးထိုးပြီးတဲ့ နိုင်ငံအချို့ က reservations ချွတ်ယွင်းချက်တွေကို ဖော်ထုတ်ပြီး လက်မှတ်ရေးထိုးနိုင်ကြောင်း သိရတယ်။ ဒါကြောင့်လည်း လူကြီးတွေ စိတ်ပူစိုးရိမ်မှုကို ဖြေလျှော့နိုင်မယ့် အဖြေတစ်ခုရခဲ့ပါတယ်။ ဒီအကြောင်း ကို တင်ပြတော့ လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တယ်။ စာချုပ်ကို သူနာပြုတက္ကသိုလ် မှာ အခမ်းအနားနဲ့ လက်မှတ်ထိုးခဲ့တယ်။ ၁၉၉၁ ခုနှစ်က။

ကလေးသူငယ် ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာ

မကြာမီ ၁၉၉၃ မှာ ကလေးသူငယ်များ ဥပဒေအသစ်တစ်ရပ်ကို ပြဋ္ဌာန်းနိုင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် မြန်မာနိုင်ငံမှာ မရှိတော့ဘူး။ ဒီသတင်းကြားရတော့ အလွန် ကျေနပ်မိပါတယ်။ အခုလို ဥပဒေအသစ်တစ်ရပ် ထုတ်ဖော် နိုင်တာဟာ နိုင်ငံအတွက် အလွန်သိက္ခာရှိပါတယ်။ ကမ္ဘာ့အလယ်မှာ တင့်တယ်လှတယ်။ ကျွန်တော် က နိုင်ငံနဲ့အစိုးရကို ခွဲခြားပြီး မြင်နိုင်အောင်အမြဲ ကြိုးစားတယ်။ ဦးစားပေးရမှာက နိုင်ငံဖြစ်တယ်။ အစိုးရဆိုတာ အခုခေတ်ကာလအပေါ် မူတည်နေတာ။ နိုင်ငံက ထာဝရဖြစ်တယ်။ ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးကို ပြင်ဆင်မယ့် ဥပဒေကို ယခင်အစိုးရ လက်ထက်ကစပြီး ဆောင်ရွက်ခဲ့တယ်။ အစိုးရသစ် လက်ထက်မှာ မကြာသေးမီကပဲ ဥပဒေကြမ်း ကို လွှတ်တော်က အတည်ပြုခဲ့ပြီး နိုင်ငံတော် သမ္မတကြီးထံ တင်သွင်းခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ မှတ်ချက်တွေကို အခြေခံပြီး ဥပဒေအသစ်ကို အတည်ပြုလိုက်ပါပြီ။ ခေတ်နဲ့အညီ လိုအပ်တဲ့ ပြင်ဆင်မှုတွေနဲ့ အခုလို ဆောင်ရွက်နေတာကို ကြားသိရတာ ကျွန်တော်ကျေနပ်မိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က စတင်တဲ့ ခြေလှမ်းဟာ ပိုပြီးတိုးတက်ကောင်းမွန်တဲ့ ခြေလှမ်းအသစ်အဖြစ် ပြောင်းလဲမှုဟာ ဝမ်းသာစရာပါပဲ။

ဒါပေမယ့် ဒီဥပဒေအသစ် မူကြမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှု၊ ကြောင့်ကြမှုတွေ ပေါ်ပေါက်ခဲ့တယ်။ ကန့်ကွက်မှုတွေလည်း ရှိခဲ့တယ်။ ဒီမိုကရေစီနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး အမြင်မတူရင် မတူညီတဲ့အမြင်၊ အတွေးတွေ ဖော်ထုတ်ခွင့်ရှိပါတယ်။ ဆွေးနွေးခွင့်ရှိပါတယ်။ အခုလို ဆွေးနွေးတဲ့နေရာမှာ အကြောင်း အချက် သက်သေအထောက်အထားအပေါ် အခြေခံပြီး ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

ဥပဒေအသစ်နဲ့ ပတ်သက်ပြီး ဆွေးနွေး

ဥပဒေအသစ် မူကြမ်းနဲ့ ပတ်သက်ပြီး စကားဝိုင်းတစ်ရပ်ကို ဦးကိုကို (စက်မှု တက္ကသိုလ်) က Sky Net မှာ လုပ်ခဲ့တယ်။ ကျွန်တော့်ကို ဖိတ်ကြားခဲ့တာမို့ သွားရောက်ခဲ့တယ်။ ကျွန်တော်နဲ့အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှစိုး။ တစ်ချိန်က တစ်ဌာနတည်းလုပ်ခဲ့သူ အခုတော့ ညွှန်ကြား ရေးမှူးချုပ်ဖြစ်နေတဲ့ ဒေါက်တာစန်းစန်းအေး။ ဥပဒေချုပ်ရုံးက ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ အရပ်ဘက်လူ အဖွဲ့အစည်း ကိုယ်စားလှယ် ဦးမျိုးမြင့်ထွန်းတို့ ပါဝင်ကြတယ်။ ကျွန်တော်တို့ ငါးဦးဟာ ကိုယ်ကျွမ်းကျင်ရာ ယဉ်ပါးတဲ့ရှုထောင့်က ဥပဒေအသစ် မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်။ ပုဂ္ဂိုလ် အသီးသီးဟာ နယ်ပယ်ကျွမ်းကျင်မှုရှိတာမို့ သူတို့ရဲ့တင်ပြချက် အသီးသီးဟာ တန်ဖိုးရှိလှပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဗဟုသုတလည်း ရခဲ့ပါတယ်။ ဆွေးနွေးစဉ် အကြောင်းအချက် နှစ်ခုနဲ့ပတ်သက်ပြီး တွေးစရာ၊ စဉ်းစားစရာ၊ မေးခွန်းထုတ်စရာ ရှိနေတာကို တွေ့ခဲ့ ရတယ်။ ဒါကတော့ မွေးစာရင်းတင်တဲ့မွေးစားမှုကိစ္စဖြစ်တယ်။ ဒါပေမယ့် နောက်ကွယ်မှာ နိုင်ငံသား ကိစ္စဖြစ်တယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲမှာ နိုင်ငံသားနဲ့ပတ်သက်ပြီး ၁၉၈၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားဥပဒေက အသက်ဝင်လျက်ရှိတာကို ကြားသိရပါတယ်။ ၁၉၈၂ ဥပဒေဟာ ခိုင်မာမှုရှိတာ ကို လူတိုင်းအသိအမှတ်ပြုကြတယ်။

ကျွန်တော်ဝင်ရောက်ဆွေးနွေးတဲ့အခါ အတိတ်ကအတွေ့အကြုံကို အခြေခံပြီး အခုပြင်ဆင်ရေးဆွဲတဲ့ ဥပဒေမူကြမ်းကို ဆန်းစစ်သုံးသပ်ရင် အရေးကြီးဆုံးပေတံက (best interest of the child) ကလေး သူငယ်အတွက် အကျိုးကိုအမြဲဦးထိပ် ထားဖို့လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။ ကလေးသူငယ်တွေဟာ အပြစ်ကင်းပါတယ်။ သူတို့အတွက် လူကြီးတွေက စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ အစွမ်းကုန် လုပ်ရမှာဖြစ်တယ်။

အခုချိန်မှာ မြန်မာပြည်သူအများစု စိတ်ဝင်စားနေတဲ့ကိစ္စဟာ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပါ တယ်။ ဂျာနယ်တွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေမှာ ကလေးများနဲ့ ပတ်သက်ပြီး အလွန်စိတ်မကောင်းစရာ သတင်း တွေပျံ့နှံ့နေပါတယ်။ ကျူးလွန်နေတဲ့အမှုတွေဟာ မယုံနိုင်စရာ ကောင်းလှတယ်။ အဆိုးဆုံးက ကလေးသူငယ်တွေနဲ့ ပတ်သက် နေတာတွေ့ရတော့ ဝမ်းနည်း ရပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတာကို အံ့ဩမိတယ်။ ဒါကြောင့်လည်း ကလေး လူငယ်တွေကို ကာကွယ်မှုပေးဖို့ ပြီးပြည့်စုံနဲ့ ဥပဒေလိုအပ်တာဖြစ်တယ်။ အာရုံက ကလေးသူငယ်ရဲ့ အကျိုးအပေါ်သာ ရှိသင့်တယ်။ အကျည်းတန်မှုတွေ အမှန်တကယ် များလာတာလား၊ ဒါမှမဟုတ် သိတာတွေ များလာသလား။ မေးခွန်းထုတ်စရာပါ။

လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးအနှစ်သာရဟာ အပြစ်မရှိသူတွေ၊ အင်အားချည့်နဲ့ သူတွေ ကို ကာကွယ် စောင့်ရှောက်ဖို့ပဲ ဖြစ်တယ်။ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး လူကြီးတွေတာဝန်ကျေဖို့ လိုအပ် တယ်။ ဥပဒေစောင့်ရှောက်မှုဟာ အရေးကြီးသလို ဥပဒေစိုးမိုးမှုဟာလည်း အဓိကဖြစ်တယ်။ ဥပဒေ တွေ လက်တွေကျင့်သုံးဖို့ လိုအပ်ပါတယ်။

ကလေးများ၏ အကျိုးကိုသာ ရှေးရှုစေချင်

ကလေးသူငယ်တွေနဲ့ ပတ်သက်လာရင် လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ အစိုးရ အဖွဲ့အစည်း၊ မိသားစုနဲ့ ပတ်ဝန်းကျင် အားလုံးမှာတာဝန်ကျေရမယ်။ ကျွန်တော်တို့ လက်ရှိအခြေအနေမှာ ရင်ဆိုင်နေရတဲ့ အနိဋ္ဌာရုံတွေကို ဝိုင်းပြီးဖြေရှင်းရမယ်။ တာဝန်အရှိဆုံးကတော့ မိသားစုပဲဖြစ်တယ်။ ဒါကြောင့် မိသားစုကို တောင့်တင်း ခိုင်မာအောင် ကြိုးစားရမယ်။ ငွေရေးကြေးရေး၊ စားဝတ်နေရေးသာမက အကျင့်စာရိတ္တ၊ သိက္ခာသမာဓိ၊ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေ ထားဖို့လိုအပ်တယ်။ မေတ္တာကို ဦးစားပေးနိုင်တဲ့၊ အမုန်းတရားကို လက်မခံတဲ့ လူ့အသိုင်းဝိုင်းကို ဖန်တီး ရမယ်။ မိဘတွေမှာ တာဝန်ရှိသလို စာသင်ကျောင်း တွေမှာလည်း အတန်း ပညာတွေ သင်ကြားရုံမက ဘ၀နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ တန်ဖိုးထားမှုတွေ၊ အတွေး အခေါ်တွေ၊ ကိုယ်ချင်းစာတရားတွေ များအောင် လုပ်ဆောင် ရမှာဖြစ်တယ်။ ကလေး သူငယ်ရဲ့ ပတ်ဝန်းကျင်ကို လုံခြုံအောင် ပြုစုပျိုးထောင်ဖို့ လိုအပ်တယ်။

ကျွန်တော့်အနေနဲ့ကတော့ ကလေးသူငယ်အခွင့်အရေး ဥပဒေကို သက်ဝင်လာ အောင် ကြိုးစားရမှာ ဖြစ်တယ်။ လူကြီးတွေရဲ့ အမုန်းတရားတွေ၊ သံသယတွေကို ကလေးသူငယ်တွေအပေါ် မလွှမ်းမိုး စေချင်ဘူး။ သူတို့ရဲ့အကျိုးကို ဗဟိုပြုပြီး စဉ်းစား ကြပါ၊ ဆွေးနွေးကြပါလို့သာ တိုက်တွန်းချင်ပါတယ်။

ပါမောက္ခ၊ ဒေါက်တာ အောင်ထွန်းသက်

No comments:

Post a Comment