Friday, June 28, 2019

စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးနေသည့် စိုက်ပျိုးရေးတက္ကသိုလ်


▲ စိုက်ပျိုးရေးဘွဲ့ရတွေ ဘယ်ကမွေးထုတ်ပေးနေသလဲ ▲
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေး လက်နေ ပြည်သူများဖြစ်ပြီး နိုင်ငံဝင်ငွေ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးရေးမှ ရရှိနေကာ နိုင်ငံ့လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းကျော်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင် နေကြခြင်းဖြစ်သည်။

ထိုသို့ နိုင်ငံအတွက် အလွန်အရေးကြီးသည့် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်နေသော လူသား အရင်းအမြစ်များကိ စိုက်ပျိုးရေးသိပ္ပံများနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ က မွေးထုတ်ပေးနေပါ သည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်ပညာများကို သင်ကြားပေးနေသည့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါသည်။
ပညာသင်နှစ်တစ်နှစ်လျှင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသား ကျောင်းသူ ၃၀၀ ခန့် အား နှစ်စဉ်လက်ခံလျက်ရှိပြီး စိုက်ပျိုးရေးသိပ္ပံများမှ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်း သား ကျောင်းသူများနှင့် လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေသည့် စိုက်ပျိုးရေးသိပ္ပံ ဆင်း စုစုပေါင်း ၇၅ ဦး တတိယနှစ်မှ စတင်ကာ လက်ခံ၍ စိုက်ပျိုးရေးပညာများ ဖြန့်ဖြူးပေးလျက်ရှိနေသောကြောင့် နှစ်စဉ် စိုက်ပျိုးရေးဘွဲ့ရ ၄၀၀ ခန့် မွေးထုတ်ပေးလျက်ရှိနေပါသည်။
စိုက်ပျိုးရေးသည် နိုင်ငံအတွက် အရေးကြီးကဏ္ဍ၌ ရှိနေသော်လည်း စိုက်ပျိုးရေးဘွဲ့ရမွေးထုတ်ပေး နိုင်မှုမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လွန်စာနည်းပါးလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ စိုက် ပျိုးရေး၊ မွေးမြူရေးဘွဲ့ရများ မွေးထုတ်ပေးနိုင်မှုမှာ နှစ်စဉ်ဘွဲ့ရ စုစုပေါင်း၏ ၁ ဒသမ ၅ ရာခိုင် နှုန်းသာရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် နှစ်စဉ်ဘွဲ့ရ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းကျော်ခန့် မွေးထုတ်ပေး နေနိုင်မှုနှင့် နှိုင်းယှဉ်လျှင် များစွာနောက်ကျကျန်နေသည်ကို သိနိုင်မည် ဖြစ်သည်။ စိုက်ပျိုးရေး ဘွဲ့ ရများ အလုပ်ဝင်ရောက်နိုင်မှုမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တစ်ခု တည်းသာမကဘဲ စိုက်ပျိုးရေးဆိုင်ရာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO များ၊ INGO များ၊ အခြား နိုင်ငံတကာအဖွဲ့ အစည်းများသို့ ဝင်ရောက်လုပ်ကိုင်နိုင်စွမ်းရှိ သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် စိုက်ပျိုးရေး ဘွဲ့ရ မွေးထုတ်ပေးနိုင်မှုမှာ လုံလောက်မှုမရှိသေးဟု ဆိုရမည် ဖြစ်သည်။
ဘယ်လို မွေးထုတ်ကြမလဲ
စရိတ်စက အနည်းဆုံးဖြင့် အမြန်ဆုံးမွေးထုတ်ပေးနိုင်မှုမှာ စိုက်ပျိုးရေးသိပ္ပံများအား ကောလိပ် အဆင့်မြှင့်တင်ကာ ဘွဲ့ရ များမွေးထုတ်ပေးခြင်းဖြစ်သည်။ စိုက်ပျိုးရေးသိပ္ပံများတွင် စိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့ရ ဆရာ ဆရာမများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရ ဆရာ ဆရာမများ ရှိနှင့်ပြီးဖြစ်၍ သင်ရိုး ညွှန်းတမ်း ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ပံ့ပိုးမှုဖြင့် အလွန် လျင်မြန်စွာ စိုက်ပျိုးရေးဘွဲ့ရများ မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
▲ သင်ကြားသင်ယူမှုစနစ်တွေက ဘာတွေလဲ ▲
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် လက်ခံခဲ့သည့် ကျောင်းသား ကျောင်းသူများသည် စနစ်ဟောင်း သင်ကြား မှု၏ နောက်ဆုံးနှစ်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် လက်ခံခဲ့သည့် ကျောင်းသား ကျောင်းသူများမှ စတင်ကာ Credit စနစ်ဖြင့် ပြောင်းလဲသင်ကြားပေးခဲ့ပါသည်။ စနစ်ဟောင်းတွင် နှစ်အလိုက် သင်ယူရမည့် ဘာသာရပ်များကို Semester အလိုက် မဖြစ်မနေ လေ့လာသင်ယူရပြီး ရွေးချယ်စရာ ဘာသာရပ်များမရှိဘဲ တက္ကသိုလ်ပညာရေးအဖွဲ့က သတ်မှတ်ထားသည့် ဘာသာရပ် များကို မယူမနေရ လေ့လာ သင်ယူကြရခြင်းဖြစ်သည်။ Semester တစ်ခုတွင် မတော်တဆ ဘာသာ ရပ်တစ်ခုခု ကျရှုံးခဲ့ပါက နောက်ပညာ သင်နှစ်၏ နှစ်အစမှစတင်ကာ ပြန်လည်တက်ရောက်ရသော ကြောင့် ဘာသာရပ်အားလုံးနီးပါးတွင် တော်သော်လည်း တစ်ဘာသာတည်းကျရုံဖြင့် ပြန်တက်ရသည့် စနစ်ဖြစ်သောကြောင့် ကျောင်းသား ကျောင်းသူများအတွက် အလွန်နစ်နာ ပါသည်။ စနစ်သစ်ဖြစ် သော Credit စနစ်ဆိုသည်မှာ သင်ယူမှုနာရီ မည်မျှရှိသည်ကို အခြေခံ၍ တွက်သောစနစ်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများမှာ ဘာသာရပ်တစ်ခုအတွက် သတ်မှတ်ထားသည့် သင်ယူမှုနာရီ ပြည့်မြောက်လျှင် ယင်းဘာသာရပ်အား အောင်မြင်ကြောင်း သတ်မှတ်ပေးနိုင်သည့် စနစ်ဖြစ်သည်။ သင်ယူမှုပြီးမြောက်ခြင်းအား Semester Credit Hour ဖြင့်ဖော်ပြလေ့ရှိပြီး ကျောင်းသား ကျောင်းသူ တစ်ဦးသည် One Credit Hour ရရှိရန်အတွက် တစ်ပတ်လျှင် စာသင်ချိန် တစ်နာရီ သင်ယူ၍ Semester တစ်ခုလုံးအတွက် သင်ကြားရမည့် ရက်သတ္တပတ် (၁၆)ပတ် အပြည့်တက်ရောက် နိုင်လျှင် One Credit Hour ရရှိမည်ဖြစ်သည်။ များသောအားဖြင့် ဘာသာရပ်တစ်ခုအတွက် စာသင်ချိန်မှာ တစ်ပတ်လျှင် နှစ်နာရီ သင်ကြားရသောကြောင့် ရက်သတ္တပတ် (၁၆)ပတ် အပြည့် တက်ရောက်နိုင် လျှင် 2 Semester Credit Hours ရရှိကာ ၎င်းကို အတိုကောက် အားဖြင့် 2 Credit ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဤစနစ်၏ အားသာချက်များမှာ ကျောင်းသား ကျောင်းသူများအတွက် ရွေးချယ်စရာ ဘာသာ ရပ်များရှိလာခြင်း၊ ရွေးချယ် ခွင့်ပြုထားသည့် ဘာသာရပ်တစ်ခုခု၌ မပြီးမြောက် မအောင်မြင်ခဲ့ လျှင် နောင်လာမည့် Semester ၌ ယင်းဘာသာရပ်ဖြစ်စေ၊ ယင်းဘာသာရပ်အစား အခြားဘာသာရပ် တစ်ခု ဖြစ်စေ ရွေးချယ်ပြီး သတ်မှတ်ထားသည့် Credit ပြည့်မီရန် ပြန်လည် တက်ရောက်နိုင်ခြင်း၊ ဘာသာ ရပ်တစ်ခု နှစ်ခုမျှ ကျရှုံးရုံဖြင့် နှစ်အစမှစတင်ကာ ပြန်လည်တက်ရောက်ရန်မလိုခြင်း၊ Student Centered Approach ဖြစ်သောကြောင့် စာသင်ချိန် တစ်နာရီသင်ပြီးတိုင်း မိမိဘာသာလေ့လာမှု (Self-Study) အား နှစ်နာရီ သို့မဟုတ် သုံးနာရီ လေ့လာရခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။
▲ ဘယ်ဘာသာရပ်တွေ လေ့လာနိုင်သလဲ▲
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် စိုက်ပျိုးရေးနှင့် ဆက်နွှယ်သည့် Major ဌာန ၁၃ ခုရှိပြီး အထောက်အကူပြု ဌာန (၇)ခုရှိပါသည်။ Major ဌာန ၁၃ ခုမှာ လယ်ယာသီးနှံ ပညာဌာန(Agronomy)၊ အပင်မျိုးမွေးမြူရေး၊ ဇီဝကမ္မနှင် ဂေဟဗေဒဌာန (Plant Breeding, physiology and Ecology) ၊ မြေဆီလွှာနှင့် ရေသိပ္ပံပညာဌာန (Soil and Water Science)၊ အပင်ရောဂါဗေဒဌာန (Plant Pathology)၊ ကိမိလဗေဒဌာန (Entomology)၊ ဥယျာဉ်ခြံ သီးနှံဌာန (Horticulture)၊ စိုက်ပျိုးစီးပွား ပညာဌာန (Agricultural Economics) ၊ မွေးမြူရေးပညာဌာန (Animal Science)၊ စိုက်ပျိုးရေး အင်ဂျင်နီယာဌာန (Agricultural Engineering) ၊ စိုက်ပျိုးရေးဇီဝနည်းပညာ ဌာန (Agricultural Biotechnology)၊ အစားအသောက် သိပ္ပံနည်းပညာဌာန (Food Science and Technology)၊ စိုက်ပျိုးရေးပညာပေးဌာန (Agricultural Extension)၊ စိုက်ပျိုးရေးအနုဇီဝပညာဌာန (Agricultural Microbiology) တို့ဖြစ်သည်။ ယင်းဌာနများတွင် ထပ်မံ သင်ကြားပေးလျက်ရှိသော ဘာသာရပ် ကွဲပေါင်းမှာ တစ်ဌာနလျှင် ပျမ်းမျှ ၁၅ ဘာသာမှ ၂၀ ဘာသာခန့် သင်ကြားပေးလျက် ရှိသောကြောင့် ဘာသာရပ်ပေါင်းများစွာ သင်ယူလေ့လာ နိုင်သည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။ အထောက်အကူ ပြုဌာန (၇)ခုကတော့ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ရူပဗေဒ ဌာန၊ သင်္ချာဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဓာတုဗေဒဌာန တို့ဖြစ်ပါသည်။
ထို့အပြင် ကျန်းမာကြံ့ခိုင်မှုမှသည် ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရန်အတွက် အားကစားဘာသာရပ်ကိုလည်း မိမိတို့ ကြိုက်နှစ်သက်သည့် ကစားနည်းတစ်ခုခု ကစားစေကာ Credit ချီးမြှင့်သင်ကြား ပေးလျက်ရှိပါသည်။ စာဖတ်အားမြှင့်တင်စေရန်နှင့် စာအုပ် စာပေ များမြတ်နိုးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် အတွက် သင်ရိုးညွှန်းတမ်းထဲ တွင် Library ချိန် သတ်မှတ်ကာ Credit ပေး သင်ကြားလျက်ရှိပါသည်။
▲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ▲
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏ အကူအညီဖြင့် နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းများ တည်ဆောက်ခဲ့ပြီး လိုအပ်သည့် အဆင့်မြင့်ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ဂျပန်နိုင်ငံမှ ကူညီပေးခဲ့ခြင်းဖြစ်သည်။ (JICA) ၏ အကူအညီဖြင့်ပင် နည်းပညာပူးပေါင်း ဆောင် ရွက်ရေး စီမံကိန်း Phase (I) ဖြင့် ပညာရေး၊ သုတေသနနှင့် စီမံခန့်ခွဲမှု စနစ်များ ဖွံ့ ဖြိုးတိုးတက်စေရန် Education Task Force ၊ Research Task Force၊ Planning and Management Task Force များဖွဲ့စည်းပြီး ဂျပန်ပါမောက္ခများ၏ ဦးဆောင် မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။ နည်းပညာပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဖြစ်ပြီး Phase (II) စီမံကိန်းဖြစ်သည့် တည်ထောင်နိုင်ရေးစီမံကိန်း ဆက်လက်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။
အိန္ဒိယစိုက်ပျိုးရေးသုတေသနဌာန (IARI) နှင့် ပူးပေါင်း ၍ အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန (Advanced Center for Agricultural Research and Education-ACARE) ဆိုသည့် Graduate School တစ်ခုအား တည်ထောင်နိုင်ခဲ့ပြီး မျိုးရိုးဗီဇဌာန (New Genetics)၊ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (Postharvest Technology)၊ ပူးပေါင်းပါဝင်သည့် ဗဟုသုတပညာ စီမံခန့်ခွဲမှုဌာန (Participatory Knowledge Management) နှင့် စွမ်းရည်မြှင့်တင်ရေး ဌာန(Capacity Development) စသည့် ဌာနများ ဖွဲ့စည်းကာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကျောင်းသား ကျောင်းသူ များကို အိန္ဒိယပါမောက္ခများနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ ဆရာ ဆရာမများ ပူးပေါင်း ကာ သင်ကြား ပို့ချလျက်ရှိပါသည်။
ဩစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန (Australian Center for International Agricultural Research- ACIAR ) ၏ အကူအညီအထောက်အပံ့ဖြင့် Melbourne University ၊ University of New England တို့နှင့် မိမိတို့ တက္ကသိုလ်၏ ဌာနများနှင့် ပူးပေါင်းကာ သက်ဆိုင်ရာ သုတေသနစီမံကိန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ နှင့် Queensland University တို့ ပူးပေါင်း၍ Mainstreaming Research စီမံကိန်းအား မကြာမီ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် အချို့အပါအဝင် ဥရောပတက္ကသိုလ်အချို့နှင့် ပူးပေါင်း၍ ပညာ ရေးဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်းများ၊ သုတေသနဖွံ့ ဖြိုးတိုးတက်မှု စီမံကိန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးစီမံကိန်းများ ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံဒေသတွင်းရှိ တက္ကသိုလ်များ၊ ဂျပန်၊ တရုတ်၊ အမေရိကန်နိုင်ငံမှ တက္ကသိုလ်များနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ယင်းနိုင်ငံများ၏ တက္ကသိုလ်အချို့မှ စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ကြို ကျောင်းသား ကျောင်းသူအချို့ကိုလည်း လုပ်ငန်းခွင်အကြိုသင်တန်း (Internship Programs) များခေါ်ယူ၍ သင်ကြားပေးလျက် ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment