Thursday, June 27, 2019

၂၀၁၉ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


 နေပြည်တော် ဇွန် ၂၆

ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲတွင် Mount Pleasant Hotel ကျင်းပသည်။


ကြာရှည်စွာထိန်းသိမ်းပေးနိုင်

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် - ကမ္ဘာတစ်ဝှမ်း အအေးပေးပစ္စည်း လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များကို စတင်ခဲ့သည့် ဗြိတိန်နိုင်ငံသား ရူပဗေဒ ပညာရှင် Mr. William Thomson ခေါ် Mr. Lord Kelvin ကို အသိအမှတ် ပြုခြင်းအားဖြင့် ၄င်းမွေးနေ့ ဇွန် ၂၆ ရက်ကို ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့အဖြစ် ကမ္ဘာ့နိုင်ငံများက သဘောတူ သတ်မှတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ ပိုမိုပူပြင်းသည့်နေ့ရက်များကို နေ့စဉ်ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း၊ တပြိုင်တည်းမှာပင် နည်းပညာများ ဖွံ့ဖြိုးလာသည်နှင့်အမျှ နေ့စဉ် လူနေမှုစနစ်များတွင် ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အပူစုပ်စက် အအေးပေးပစ္စည်းများကို ပိုမိုသုံးစွဲခြင်းဖြင့် အပူဒဏ်ကို ရင်ဆိုင်ဖြေရှင်း လာကြသည်မှာ သိသာထင်ရှားလှပါကြောင်း၊ ၄င်းအအေးပေးပစ္စည်းများမှာ အပူချိန်ကို ထိန်းညှိပေးသည့်အတွက် သုံးစွဲသူတိုင်းကို သက်တောင့်သက်သာရှိစေပြီး အစားအစာနှင့် ဆေးဝါးများကိုလည်း ကြာရှည်စွာ ထိန်းသိမ်းပေးနိုင်သည့် အတွက် လူနေအိမ် အဆောက် အဦများ၊ စီးပွားရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်းဖြစ်ပါကြောင်း။

အတူတကွကြိုးပမ်းဆောင်ရွက်

ယခုဆိုလျှင် မြို့ပြများသာမက လျှပ်စစ်မီးရသည့် ကျေးလက်ဒေသများတွင်ပါ ရေခဲ သေတ္တာ၊ လေအေးပေးစက်ကို သုံးစွဲလာသည်ကို အားလုံးတွေ့မြင်နေရပါကြောင်း။ သိပ္ပံပညာရှင် များက တွက်ချက်ခန့်မှန်းချက်အရ သက္ကရာဇ် ၂၀၅၀ တွင် ကမ္ဘာ တစ်ဝှမ်းလေအေးပေးစက် သန်းပေါင်း (၅,၆၀၀) ခန့် သုံးစွဲလာနိုင်မှုကြောင့် လက်ရှိသုံးစွဲနေသည့် စွမ်းအင် ပမာဏ၏ သုံးဆခန့် လိုအပ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အအေးပေးပစ္စည်းများသည် လူနေမှုဘဝ အဆင့်အတန်းမြင့်မား စေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် အလွန်အရေးပါသည့် ဝန်ဆောင်မှုများ ပေးနိုင်သည်ကို ငြင်း၍မရပါကြောင်း။ တစ်ဖက်တွင်လည်း အအေးပေး ပစ္စည်းများမှာ အသုံးပြုသည့် ကလိုရိုဖလူရို ကာဗွန်(CFC)၊ ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFC)၊ ဟိုက်ဒရိုဖလူရိုကာဗွန်(HFC) ကဲ့သို့သော ဒြပ်ပစ္စည်းများမှာ အိုဇုန်းလွှာပျက်စီးမှု၊ ကမ္ဘာကြီးပူနွေးမှု ပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှုများကို ဖြစ်ပေါ်စေသည်ကို သတိပြု ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိုဇုန်းလွှာပျက်စီးမှု၊ ကမ္ဘာကြီးပူနွေးမှု ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတို့ကို ဖြစ်စေသည့် ဒြပ်ပစ္စည်းများကို လျှော့ချသုံးစွဲနိုင်ရန်ကိုလည်း အတူတကွ ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် ယနေ့ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day-WRD) မှာ “Refrigerants for Life: How Refrigerants Affect Modern Life” (လူနေမှုဘဝတည်တံ့ခိုင်မြဲဖို့ အကျိုးပြု အအေးပေးပစ္စည်းများ ရွေးချယ်သုံးစွဲစို့) ဆိုသည့် ဆောင်ပုဒ်နှင့် ပြည်သူလူထုကို နှိုးဆော် သတိပေးထားခြင်း ဖြစ်ပါကြောင်း။

ပြည်သူလူထုထံ အသိပညာပေး လုပ်ငန်းများကို အင်တိုက်အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်သကဲ့သို့ ရေခဲသေတ္တာနှင့် လေအေးပေးစက်ဆိုင်ရာ ကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် အထူးသဖြင့် အိုဇုန်းလွှာပျက်စီးစေမှုနှင့် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချပေးနိုင်မည့် နည်းလမ်းများနှင့် အအေးပေးပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ ကန့်သတ်ချက်၊ တားမြစ်ချက်များကို အပြည့်အဝလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်မှု မရှိဘဲ အမှန်တကယ် အေးမြသည့် ကမ္ဘာကြီးတည်ဆောက်ရန် ပူပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းရင်း ယနေ့ကျရောက်သည့် ပထမအကြိမ် ကမ္ဘာ့ အအေးပေးပစ္စည်းများနေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်ရပါကြောင်း ပြောကြားသည်။

ဆွေးနွေးပြောကြား

ဆက်လက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသူဇာဝင်းက အိုဇုန်းလွှာ ပျက်စီး စေသော ဒြပ်ပစ္စည်းများဆိုင်ရာ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ Executive Engineer ဦးစိုးနိုင်ဝင်း ဒိုင်ကင်းကုမ္ပဏီမှ Manager ဦးထိပ်တင်ထွဋ်တို့က ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းဦးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ရေခဲသေတ္တာနှင့် လေအေးပေး စက်ပစ္စည်း များရောင်းချသည့် အရောင်းစင်တာများ၊ Ocean Super Centre များသို့ သွားရောက်၍ Awareness Campaign အဖြစ် လက်ကမ်း စာစောင်များ၊ စတစ်ကာများကို ဈေးဝယ်လာသူ ပြည်သူလူထုထံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment