ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ
အပြည်ပြည်ဆိုင်ရာစာချုပ် (International Covenant on Civil and Political
Rights-ICCPR) ကို မြန်မာနိုင်ငံမှ မကြာမီ ပါဝင်လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။
အဆိုပါစာချုပ် လက်မှတ်ရေးထိုးရာတွင် အထောက်အကူပြုနိုင်ရန်အတွက်
စာချုပ်နှင့် ပတ်သက်သည့် အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ
Hilton Hotel ၌ ကျင်းပခဲ့သည်။
ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ
အပြည်ပြည်ဆိုင်ရာစာချုပ် ပါဝင် လက်မှတ် ရေးထိုးသွားမည့်အခြေအနေနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း
များနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်
များကို ဖော်ပြအပ်ပါသည်။
မေး ။ ။ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ
အပြည်ပြည်ဆိုင်ရာစာချုပ်ကို မကြာမီ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။ ပထမဦးစွာ ဒီနေ့ပြုလုပ်တဲ့
အခမ်းအနားနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ဒီနေ့အခမ်းအနားကတော့ ပြည်သူ့
ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်
(International Covenant on Civil and Political Rights-ICCPR) ကို မကြာမီ လက်မှတ်ရေးထိုးရာမှာ
အထောက်အကူပြုနိုင်ဖို့ အတွက် စာချုပ်နဲ့ ပတ်သက်တဲ့ အသိပညာမြှင့်တင် ရေး အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။
ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဂျီနီဗာမြို့မှာရှိတဲ့ Centre for Civil and Political
Rights နဲ့ ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။ ICCPR နဲ့ ပတ်သက်ပြီး အသိပညာမြှင့်တင်ရေး
အလုပ်ရုံဆွေးနွေး ပွဲ ကျင်းပတာ အခုဆိုရင် လေးကြိမ်ရှိပြီဖြစ်ပါတယ်။
ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊
ဝန်ကြီးဌာနတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပါတယ်။ တက်ရောက်လာတဲ့
ကိုယ်စားလှယ်တွေအနေနဲ့ စာချုပ်ကို လက်မှတ် ရေးထိုးခြင်းမပြုမီ စာချုပ်ပါ အာတီကယ်တွေနဲ့
ပတ်သက်ပြီး မရှင်းလင်းတဲ့အချက်တွေကို ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။
မေး ။ ။ ဒီစာချုပ်ဟာ မြန်မာနိုင်ငံနဲ့
ပြည်သူလူထု အတွက် ဘယ်လိုအကျိုးရှိနိုင်ပါသလဲ။
ဖြေ ။ ။ ICCPR ကို လက်မှတ်မထိုးသေး ပေမယ့်
ICCPR မှာ ပါရှိတဲ့အချက် အများစုကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ ICCPR ကို
လက်မှတ်ရေးထိုးတာကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေးကာကွယ်မြှင့်တင် ရေးအတွက် နိုင်ငံရေးဆန္ဒရှိကြောင်း
ပိုမိုပြသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့် အရေးအခြေအနေကို
ပုံမှန်သုံးသပ်တဲ့ UPR လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံက အမျိုးသားအစီရင်ခံစာကို ၂၀၂၀
ပြည့်နှစ်မှာ တင်သွင်းဖို့ရှိပါတယ်။ အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်
မှုအနေနဲ့လည်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ICCPR စာချုပ်ဟာ ပြည်သူတွေရဲ့ အခွင့်အရေး
ကို အကာအကွယ်ပေးထားတဲ့ စာချုပ်ဖြစ်ပါတယ်။
နိုင်ငံတကာကလည်း ဒီစာချုပ်ဟာ ခိုင်မာတဲ့
ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် လိုက်နာ ဆောင်ရွက်ရမယ့် အပြည်ပြည်ဆိုင်ရာစာချုပ်
တစ်ခုအဖြစ် လက်ခံထားကြပါတယ်။ ဒီစာချုပ်ကို ကနဦးလက်မှတ်ရေးထိုးထားခြင်းအားဖြင့် အစိုးရ
အနေနဲ့ စာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို တစ်ဆင့်ပြီး တစ်ဆင့် စနစ်တကျ အကောင်အထည်ဖော်နိုင်မှာ
ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အခွင့် အရေးတွေ၊ လိုက်နာဆောင်ရွက် သင့်တာတွေကို ပိုမိုသိရှိလိုက်နာနိုင်ဖို့
ဆက်လက်အသိပညာပေးမှုတွေ ပြုလုပ် သွားမှာဖြစ်ပါတယ်။
မေး ။ ။ ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုရည်မှန်း
ဆောင်ရွက်သွားမယ်ဆိုတာနဲ့ လက်တွေ့ အကျိုး သက်ရောက်မှုတွေကိုလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ လက်ရှိအခြေအနေကတော့ စာချုပ်ကို
မြန်မာဘာသာ တရားဝင်ဘာသာပြန် ဆိုပြီးတော့ ဘာသာပြန်စာအုပ် ထုတ်ဝေဖို့ ဆောင်ရွက်နေပါတယ်။
အရင်က မြန်မာဘာသာ ပြန်ထားတာရှိပေမယ့် ပိုမိုသင့်လျော်တဲ့ အသုံး အနှုန်းတွေဖြစ်အောင်နဲ့
ဥပဒေအရ ကိုက်ညီ မှုရှိ အောင် ပြန်စိစစ်ထားတာဖြစ်ပါတယ်။ စာချုပ်ပါ လက်မခံနိုင်တဲ့ ပြဋ္ဌာန်းချက်
တချို့ကိုလည်း ခြွင်းချက်ထားပြီး လက်မှတ် ရေးထိုးနိုင်ဖို့ လေ့လာ ဆောင်ရွက်နေပါတယ်။
လက်မှတ်ရေးထိုးဖို့ အားလုံးညှိနှိုင်းပြီးတဲ့အခါ
တင်ပြခွင့်ပြုချက်ရယူပြီးတော့ ဖြစ်နိုင်ရင် နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း
Treaty Event မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ရည်မှန်း ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ
စာချုပ်ပါပြဋ္ဌာန်းချက်တွေ အကောင်အထည်ဖော်ရာမှာ သက်ဆိုင်တဲ့ ဝန်ကြီးဌာန အစိုးရ အဖွဲ့အစည်းတွေကို
စာချုပ်ကို သေချာနားလည်ဖို့ အသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံတကာရဲ့ တုံ့ပြန်မှုကရော
ဘယ်လိုရှိ နိုင်မလဲဆိုတာ ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ICCPR ကို လက်မှတ်ရေးထိုးတာဟာ
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေးသမိုင်းမှာ မှတ်တိုင်
တစ်ခုဖြစ်ပါတယ်။ အရင်ကဆို လက်မှတ်ရေးထိုးဖို့ကို တွန့်ဆုတ် နေတာမျိုးတွေ ရှိခဲ့ပေမယ့်
အခု ဆိုရင် အားလုံးက သဘောတူကြတာကို တွေ့ရပါ တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ တိုးတက်မှုနဲ့
အဆင်သင့်ဖြစ်မှုတို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း အားပေးကြိုဆိုကြမယ်လို့ ယုံကြည်ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်တွေမှာ
ပါဝင်တာလွယ်ပေမယ့် စာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ လက်ရှိပြည်တွင်းမှာ
ဆောင်ရွက်နေတာတွေ နဲ့ နှိုင်းယှဉ်ပြီး လိုအပ်တာ တွေ မွမ်းမံဖြည့်စွက်နိုင်ဖို့အတွက်
ဝန်ထမ်းတွေကို အသိပညာပေးတာ၊ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပေးတာမျိုးကို အလေးပေးဆောင်ရွက်သွားဖို့
အရေးကြီးကြောင်း ပြောကြားလိုပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
မေးမြန်း-ရှင်မင်းမွှေး
ဓာတ်ပုံ- ထိန်နန်နော်
ဓာတ်ပုံ- ထိန်နန်နော်

No comments:
Post a Comment