Monday, June 10, 2019

မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် ဇွန် ၁၀
မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။
ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် (၅) ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးတွင်လည်း ကမ်းရိုးတန်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို တက်ရောက်လာသည့် အဖွဲ့ဝင်များက ပွင့်လင်းရင်းနှီးစွားဖြင့် အဖြေထွက်သည်အထိ ဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် မြန်မာ့ကမ်းရိုးတန်းသို့ လာရောက်လည်ပတ်မည့် ခရီးသည် ပို့ဆောင်သည့် နိုင်ငံခြားရေယာဉ်များအား လုပ်ငန်းလိုင်စင် ယာယီထုတ်ပေးရာတွင် ခရီးစဉ် တစ်ခေါက် အတွက် နှုန်းထားများ သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ခြင်း မရှိသည့် လုပ်ငန်းများ၌ အသုံးပြုမည့် နိုင်ငံခြားရေယာဉ် တစ်မျိုးမျိုးကို အထူးကိစ္စရပ်အနေဖြင့် လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များနှင့် စက်မဲ့တွဲများ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးထားသည့် စာရင်းများအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ပိုင် ရှင်အသင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များ အသင်းတို့ကတင်ပြသော ကမ်းရိုးတန်းသွား ရေယာဉ်များနှင့် ပြည်တွင်ရေကြောင်းသွား ရေယာဉ်များ၏ ခုတ်မောင်းပြေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စက်မဲ့ဆီတင်တွဲနှင့် စက်မဲ့ကုန်တင်တွဲများ၏ ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း သက်သေခံလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေလမ်းကြောင်း ကောင်းမွန်ရေး ကိစ္စရပ်များ၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်များအတွက် ဆိပ်ကမ်းအခွန် ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသည့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကြီးကြပ်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်များနှင့် အစည်းအဝေး တက်ရောက်သူများ၏ ဆွေးနွေးပြောကြားချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဤဗဟိုအဖွဲ့အစည်းအဝေးမှ ဆုံးဖြတ်သည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများကို ပိုမိုချောမွေ့စေရန်၊ အောင်အောင်မြင်မြင် လုပ်ဆောင်သွားနိုင်ရန်အတွက် ရေယာဉ်ပိုင်ရှင် အသင်းအဖွဲ့များ ရေကြောင်းနှင့်ပတ်သက်သော အဖွဲ့အစည်းများ ပေါင်းစပ်ပြီး လုပ်ဆောင်သွားရန်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment