Monday, June 10, 2019

(၂၀) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင် ပြိုင်ပွဲကျင်းပ



နေပြည်တော် ဇွန် ၁၀
မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ (20th ASEAN+ Age-Group Chess Championship - 2019) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းရှိ မိုးလုံလေလုံ ဘက်စုံအားကစားရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြု၍ အခမ်းအနားကို စတင်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာ စကား ပြောကြားရာတွင် (၁၉၈၈) ခုနှစ်တွင် စတင် တည်ထောင်ခဲ့ သည့် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်သည် ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ပြည်တွင်းပြိုင်ပွဲများအပြင် အာဆီယံနှင့် နိုင်ငံတကာပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ပြီး စစ်တုရင်အားကစားကို ပိုမိုတိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ ပိုမိုစိတ်ဝင်စား လေ့ကျင့်ကစားနိုင်ရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာ့ စစ်တုရင် အဖွဲ့ချုပ် (Federation International des Echecs - FIDE) အသိအမှတ်ပြုစစ်တုရင် ဒိုင်လူကြီးများ နှီးနှောဖလှယ်ပွဲများကို ဒိုင်သင်တန်း နည်းပြဆရာများ နှီးနှော ဖလှယ်ပွဲကိုလည်းကောင်း မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ခဲ့ပါကြောင်း။
ယခုပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း (၉) နိုင်ငံမှ အားကစားသမားပေါင်း (၄၃၀) ဦးမှ သက်တမ်းအလိုက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး အားကစားသမားအနေဖြင့် အားကစားသမား စိတ်ဓာတ်ပြည့်ဝစွာဖြင့် ဆုတံဆိပ်များသာမက (FIDE) မှ Grandmaster အဆင့်သတ်မှတ်မှု အပါအဝင် နိုင်ငံတကာအဆင့် သတ်မှတ်မှုများ ရရှိဆွတ်ခူးနိုင်ရေး အကောင်းဆုံးယှဉ်ပြိုင် သွားကြမည် ဖြစ်ပါကြောင်း။
နိုင်ငံအသီးသီးမှ စစ်တုရင်အားကစားသမားများ အနေဖြင့် (FIDE) ၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့အားလုံးသည် တစ်ဦးတည်း ပမာပင် ဖြစ်သည်”နှင့်အညီ ချစ်ကြည်ရင်းနှီးမှု ကွန်ရက်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တုရင် ပထမရွှေ့ကွက်ရွှေ့၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အာဆီယံ စစ်တုရင် အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် စစ်တုရင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ ပြိုင်ပွဲကို ဇွန် (၉) ရက်မှ (၁၉) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်တုရင် အားကစားသမား (၁၉၃) ဦး၊ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ မလေးရှား၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်တုရင်အားကစားသမား (၂၃၇) ဦးပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်၍ ပြည်သူ့ဆေး ရုံကြီးများ ဘက်စုံပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ /ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ သူနာပြုအုပ်များ၊ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး များနှင့် တွေ့ဆုံဆွေးနွေး သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတွင် (၁၆) ခုတင်ဆံ့ဆေးရုံမှ (၂၀၀၀) ခုတင်ဆံ့ ဆေးရုံအထိ ဆေးရုံပေါင်း (၁,၁၄၄) ရုံရှိပြီး (၂၀၁၈-၂၀၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ဆေးဝါးဝယ်ယူရန်အတွက် (၁၂၀) ဘီလီယံကျပ်၊ ဆေး ပစ္စည်း ကိရိယာ ဝယ်ယူရန်အတွက် (၆၄) ဘီလံယံကျပ် လျာထားခဲ့ပါကြောင်း။
ဝန်ကြီးဌာနမှ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရာတွင် စနစ်တကျ အလေအလွင့် မရှိစေရေး စနစ်တကျ သုံးစွဲမှုကြောင့် လည်းကောင်း၊ နိုင်ငံတော်မှ ထပ်မံခွင့်ပြု၍လည်းကောင်း ဆေးဝါးဝယ်ယူရန် ရရှိလာသော (၂၅) ဘီလီယံကျပ်နှင့် ဆေးပစ္စည်း ကိရိယာ ဝယ်ယူရန် ရရှိလာသော (၃၂) ဘီလီယံကျပ်၊ စုစုပေါင်း (၅၇) ဘီလီယံကျပ်ကို စနစ်တကျ အမြန်ဆုံး အသုံးပြု ဝယ်ယူသွားမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ပြည်သူ့ဆေးရုံကြီးများအလိုက်၊ ဆေးလက်တွေ့ပညာ ဘာသာရပ် ဌာနများအလိုက် ဆေးနှင့်ဆေးပစ္စည်း ကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှု၊ တည်ဆောက်ပြုပြင်ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့် ဆေးနှီးနွှယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာ စသည့် လိုအပ်ချက်များကို ဦးစားပေးအလိုက် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးသွားကြရန် ဖြစ်ပါကြောင်း၊ အရည်သွေး ပြည့်ဝကောင်းမွန် သည့် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများကို ပိုမိုစနစ်တကျ တိကျစွာ ဝယ်ယူနိုင် ရန်အတွက် ဆေးနှင့်ဆေးပစ္စည်း ကိရိယာအမျိုးမျိုးအတွက် အရည်အသွေး သတ်မှတ်ချက်များ (specification bank) ကို ပြုစုထားရှိ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါဖြစ်ပွားမှုမှာ တစ်စထက်တစ်စ များပြားလာလျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကျေးလက်ကျန်းမာရေးဌာန (၅၄၀) ခုတွင် သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှု ဆေးခန်းများကို အပတ်စဉ် ဖွင့်လှစ်ကာ စစ်ဆေးကုသမှု ပေးလျက်ရှိပါကြောင်း။
ဝန်ထမ်းများ တာဝန်ကျရာ နေရာဒေသတွင် သက်တောင့်သက်သာ နေထိုင်နိုင် ရန်အတွက် ဝန်ထမ်း အိမ်ရာများကိုလည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက် ရှိရာ အခန်းပေါင်း (၆,၇၃၆) ခန်းပြီးစီးခဲ့ပြီး ဆောက်လုပ်လျက်ရှိသည့် အခန်းပေါင်း (၁၀,၃၇၇) ခန်းအနက် အများစုမှာ ယခုနှစ်အတွင်း ထပ်မံပြီးစီးမည်ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများ ပိုမိုတိုးတက် ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေများ ပိုမိုသိသာစွာ တိုးမြှင့်ခွင့်ပြု အသုံးပြုဆောင်ရွက်လျက်ရှိပြီး သုတေသနဆိုင်ရာ စွမ်းဆောင် ရည်မြှင့် သင်တန်းများကိုလည်း ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် သုတေသန စွမ်းဆောင်ရည်မြှင့်ဌာနကြီး အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဆေးရုံများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ ဦးစားပေးလိုအပ်ချက်များ တင်ပြတောင်းခံ မှုများကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်၍ ယခုဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေးနိုင်သည်များကို ယခုဘဏ္ဍာနှစ်တွင် လည်းကောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေးနိုင်မည်များကို လာမည့်ဘဏ္ဍာနှစ်တွင် လည်းကောင်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွား မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုအုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်း ကိရိယာ၊ ဓာတ်ခွဲ စမ်းသပ်မှု၊ ကုသမှု၊ တည်ဆောက်ပြုပြင်ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့်ဆေးနှီးနွယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာနှင့် အထွေထွေ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြခဲ့ပြီး အကြံပြုဆွေးနွေးချက်များ ပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အကြံပြုဆွေးနွေးချက်များအပေါ် တစ်ခုချင်းစီအလိုက် အသေးစိတ်ဆွေးနွေးခဲ့ပြီး ချက်ချင်းဖြည့်ဆည်းပေး နိုင်သည်များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည်များကို အဆင့်လိုက် အပိုင်းလိုက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment