သည်းမခံမှုနှင့် အမုန်းတရားအခြေပြု အကြမ်းဖက်မှု လှိုင်းတံပိုးကြီးသည် ကမ္ဘာတစ်ဝန်း ဘာသာ တရားအသီးသီးကို ယုံကြည်ကိုးကွယ်ကြသူများအား ပစ်မှတ် ထားလျက် ခြိမ်းခြောက်အန္တရာယ် ပြုနေပါသည်။ ယင်းသို့သော ဆိုးရွားသည့် ဖြစ်ရပ်များ လွန်စွာအဖြစ်များလာခြင်းမှာ ဝမ်းနည်းဖွယ်ရာနှင့် စိတ်မသက်သာဖွယ်ရာ ဖြစ်ပါသည်။
မကြာသေးမီလများအတွင်းက ဂျူးဘုရားကျောင်းများတွင် ဂျူးများသတ်ဖြတ် ခံရပြီး ၎င်းတို့၏ သင်္ချိုင်းဂူများပေါ်တွင် နာဇီစကြာပုံများ ရေးခြယ်လျက် ပုံဖျက်ခံရ ပါသည်။ ဗလီများတွင် မူဆလင်များ ပစ်ခတ်ခံရပြီး မူဆလင်များ၏ ဘာသာရေး အထွတ်အမြတ်နေရာများ ဖျက်ဆီးခံရပါသည်။ ခရစ်ယာန် များ ဝတ်ပြုဆုတောင်း နေစဉ် သတ်ဖြတ်ခံရပြီး ၎င်းတို့၏ ဘုရားကျောင်းများ မီးရှို့ဖျက်ဆီးခံရပါသည်။
အလွန်ဆိုးရွားသော ယင်းတိုက်ခိုက်မှုများအပြင် ဘာသာရေးအစုအဖွဲ့များကို သာမက လူနည်းစုများ၊ ရွှေ့ပြောင်းသွားလာသူများ၊ ဒုက္ခသည်များ၊ အမျိုးသမီးများ နှင့် ''အခြားသူများ''ဟုဆိုသော မိမိတို့အသိုက်အဝန်းမှ မဟုတ်သူများကို ဦးတည် ရည်ရွယ်လျက် စက်ဆုပ်ဖွယ်ရာ အမုန်းစကားများ ဆတက်ထမ်းပိုး ပြောဆိုလျက် ရှိနေပါသည်။
▲ ဆိုရှယ်မီဒီယာအသုံးပြု မုန်းတီးမှုဖြန့်ဖြူးရေးလုပ်ဆောင် ▲
တောမီးသဖွယ် အမုန်းစကားပြန့်ပွားလာချိန်တွင် ဆိုရှယ်မီဒီယာကို အသုံးပြု လျက် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမုန်းတီးမှု ဖြန့်ဖြူးသည့်လုပ်ငန်းများ လုပ်ဆောင်နေကြပါသည်။ နာဇီလက်သစ်နှင့် လူဖြူကြီးစိုးရေးလှုပ်ရှားမှုများ ကြီးထွားနေပါသည်။ တို့မီးရှို့မီးပြောဆိုမှုများကို နိုင်ငံရေးအကျိုး အမြတ်အတွက် လက်နက်သဖွယ် အသုံးပြုနေကြပါသည်။
လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင်လည်းကောင်း၊ အာဏာရှင်အစိုးရ အုပ်ချုပ် သည့် နိုင်ငံများတွင် လည်းကောင်း အမုန်းတရားသည် ပင်မရေစီးကြောင်းအတွင်း ဝင်ရောက်လာလျက်ရှိပါသည်။ လူသားတို့၏ ဘုံတူညီသော လူသားစိတ်အပေါ် အရိပ်ထိုးလျက်ရှိပါသည်။
ကုလသမဂ္ဂသည် လူ့အခွင့်အရေးများကို ကာကွယ်လျက် တရားဥပဒေစိုးမိုးရေး ကို တိုးတက် ဆောင်ရွက်ရန် ကျယ်ကျယ်ပြန့်ပြန့်လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် မုန်းတီးမှုအမျိုးမျိုးကို ဆန့်ကျင်ရန် ကမ္ဘာကြီးကို နှိုးဆော်ခဲ့သည့် ရှည်လျားသော သမိုင်းကြောင်း ရှိပါသည်။
စင်စစ်ပြင်းထန်ဆိုးရွားသော မုန်းတီးမှုကို ဆန့်ကျင်တိုက်ဖျက်ခြင်းမပြုဘဲ ကာလကြာရှည် ထား ရှိခဲ့ပြီးနောက် ပေါ်ပေါက်လာသော အိပ်မက်ဆိုးသဖွယ် ဖြစ်ရပ် များကြောင့် ကုလသမဂ္ဂ၏ ဝိသေသ လက္ခဏာများ ဖြစ်တည်လာရခြင်း၊ ကုလသမဂ္ဂ ဟူ၍ တည်ထောင်ခဲ့ရခြင်း ဖြစ်ပါသည်။
အမုန်းစကားသည် သည်းခံမှု၊ အများပါဝင်မှု၊ မတူကွဲပြားမှုနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့် မူများ၏ အနှစ်သာရတို့ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရှိနားလည် ပါသည်။
▲ အမုန်းစကားသည် လူ့အဖွဲ့အစည်း၏စုစည်းညီညွတ်မှုကို ပျက်ပြားစေ ▲
ထို့ထက်ပိုမိုကျယ်ပြန့်စွာ အမုန်းစကားသည် လူ့အဖွဲ့အစည်း၏ စုစည်းညီညွတ် မှုကို ပျက်ပြားစေပြီး ဘုံတူညီသော တန်ဖိုးများကို ယိုယွင်းပျက်စီးစေပါသည်။ အကြမ်းဖက်မှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရေရှည် တည်တံ့နိုင်သည့် ဟန်ချက်ညီဖွံ့ဖြိုးရေး၊ လူသားဂုဏ် သိက္ခာတို့ကို နောက်ကြောင်းပြန် လျော့နည်းကျဆင်းစေပါသည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်းက ရဝမ်ဒါမှ အစပြု၍ ဘော့စနီးယား၊ ကမ္ဘောဒီးယား အထိ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများ မကျူးလွန်မီ ရှေ့ပြေးအဖြစ် အမုန်းစကား ပြန့်ပွားခဲ့ပါသည်။
မုန်းတီးရေး မကောင်းဆိုးဝါးကို တိုက်ပွဲဆင်နွှဲရာတွင် ကမ္ဘာကြီးအနေဖြင့် အရေးတကြီး အချိန် အခိုက်အတန့်သို့ ရောက်ရှိနေပြီဟု စိုးရိမ်ပူပန်မိပါသည်။
သို့ဖြစ်၍ တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကုလသမဂ္ဂလုပ်ငန်းစဉ် နှစ်ရပ်ကို စတင်ဆောင်ရွက် လျက်ရှိပါသည်။
ပထမလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂစနစ်တစ်ရပ်လုံးတွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည့် အမုန်းစကားဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ကို မကြာသေးမီက ကြေညာခဲ့ပြီး အရင်းအမြစ် အကြောင်းများကို ဖြေရှင်းခြင်း၊ တုံ့ပြန် ဆောင်ရွက်ချက်များ ပိုမိုထိရောက်စေရန် လုပ်ဆောင်ခြင်းများ ဖြစ်ပါသည်။
ဒုတိယလုပ်ငန်းစဉ်မှာ ဘာသာရေးအထွတ်အမြတ်နေရာများကို ထိန်းသိမ်း စောင့်ရှောက်ပြီး ယုံကြည် ကိုးကွယ်မှု အဆောက်အဦများ အန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်ခြင်းကို ပံ့ပိုးမှုပေးမည့် လုပ်ငန်း များတွင် ကုလသမဂ္ဂအနေဖြင့် အပြည့်အဝ ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို ရေးဆွဲလျက် ရှိပါသည်။
မတူကွဲပြားမှုသည် မည်သည့်အခါမျှ ခြိမ်းခြောက်မှုအန္တရာယ် မဟုတ်ဘဲ ကြွယ်ဝ မှုသာဖြစ်ကြောင်း ရပ်ရွာအသိုက်အဝန်းများ ကွဲပြားနေစေရန် အကြောက်တရားကို အသုံးပြုနေသူများအား ပြောကြား ရမည် ဖြစ်ပါသည်။
အပြန်အလှန်လေးစားပြီး လက်ခံနိုင်သော စိတ်ဓာတ်ကို နက်နက်ရှိုင်းရှိုင်း ရေရှည်ခိုင်မြဲစွာ ထားရှိခြင်း ဖြင့် စက္ကန့်ပိုင်းတွင်း တင်လိုက်သော ပို့စ်များ၊ တွစ်တာ စာတို တွိများကို ကျော်လွှားနိုင်ပါမည်။ မည်သူမဆို တစ်နေရာရာမှ တစ်စုံတစ်ဦး အတွက် ''အခြားသူ''သာ ဖြစ်သည်ကို မမေ့လျော့ရန် လိုအပ်ပါသည်။ မုန်းတီးမှု အနှံ့အပြား ပြန့်ပွားနေချိန်တွင် အန္တရာယ် ကင်းရှင်းမှုမှာ အရိပ်အယောင်မျှပင် မရှိနိုင်တော့ပါ။
လူသားအချင်းချင်း စောင့်ရှောက်ရန်မှာ လူ့တာဝန်ဖြစ်ပါသည်။
အမုန်းစကားကို ဖြေရှင်းရန်နှင့် ရင်ဆိုင်တိုက်ဖျက်ရန် ရည်ရွယ်သည့် လုပ်ဆောင် ချက်အားလုံး အခြေခံလူ့အခွင့်အရေးများနှင့် ညီညွတ်ရပါမည်။
အမုန်းစကားကို ဖြေရှင်းခြင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ပိတ်ပင် ခြင်း မဟုတ်ပါ။ အမုန်းစကားမှ ပိုမိုအန္တရာယ်ရှိသော လုပ်ရပ်များအဆင့်သို့ တိုးမြင့် မလာစေရန် အထူးသဖြင့် နိုင်ငံတကာဥပဒေအရ တားမြစ်ပိတ်ပင်ထားသော ခွဲခြား ဆက်ဆံမှု၊ ရန်လိုမှုနှင့် အကြမ်းဖက်မှုတို့ကို လုပ်ဆောင်ရန် သွေးထိုးလှုံ့ဆော်မှုများ အဆင့်သို့ မရောက်ရှိလာစေရန် ထိန်းသိမ်းခြင်းကို ဆိုလို ပါသည်။
▲ အမုန်းစကားကို အမှန်တရားအသုံးပြု တန်ပြန်ဆောင်ရွက် ▲
အမုန်းစကားကို အခြားထိခိုက်နစ်နာစေသော လုပ်ရပ်များကဲ့သို့ပင် ကိုင်တွယ် ရပါမည်။ ပြစ်တင် ရှုတ်ချခြင်း၊ တိုးပွားများပြားစေရန် မလုပ်ဆောင်ခြင်း၊ အမှန်တရားကို အသုံးပြု၍ တန်ပြန် ဆောင် ရွက်ခြင်း၊ အမုန်းစကား ပြောဆိုဖြန့်ဖြူးသူများကို အပြုအမူအပြောအဆိုများ ပြင်ဆင်ရန် အားပေး ခြင်းတို့ ဖြစ်ပါသည်။
ဂျူးဆန့်ကျင်ရေး၊ မူဆလင်ဆန့်ကျင်ရေး မုန်းတီးမှု၊ ခရစ်ယာန်များကို နှောင့်ယှက်ဒုက္ခပေးမှုနှင့် အခြားသော လူမျိုးရေးဝါဒ၊ နိုင်ငံခြားကြောက်ရောဂါ၊ ၎င်းတို့နှင့် ဆက်စပ်နေသော သည်းမခံမှု အခြားပုံစံအားလုံးကို ပပျောက်စေရန် တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်ရန် အချိန်အခါကျရောက်နေပြီ ဖြစ်ပါသည်။
အစိုးရများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် မီဒီယာတို့အားလုံး အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ဆောင်ရွက်ရပါမည်။ နိုင်ငံရေးနှင့် ဘာသာ ရေး ခေါင်းဆောင်များတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကို အားပေးမြှင့်တင် ရန် အထူးတာဝန် ရှိပါသည်။
မုန်းတီးမှုသည် အားလုံးအတွက် အန္တရာယ် ဖြစ်ပါသည်။ သို့ဖြစ်၍ မုန်းတီးမှု တိုက်ဖျက်ရေးသည် လူတိုင်းပါဝင်လုပ်ဆောင်ကြသည့် လုပ်ငန်းဖြစ်ရပါမည်။
မုန်းတီးမှုတည်းဟူသော တောမီးကို အတူတကွ ငြှိမ်းသတ်ကြလျက် တစ်စုတည်း သော လူသား မိသားစုကြီးအဖြစ် စုစည်းပေးသည့် တန်ဖိုးများကို ဦးထိပ်ပန်ဆင် ထိန်းသိမ်းနိုင်ကြမည် ဖြစ်ပါသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
မစ္စတာ အန်တိုနီယို ဂူတာရက်စ်
(ကုလသမဂ္ဂပြန်ကြားရေးဌာန၊ ရန်ကုန်မှ ထုတ်ပြန်သည်။)
No comments:
Post a Comment