Saturday, June 29, 2019

သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရပ်ဖက်လူမှု အဖွဲ့အစည်း များ၊ ကူညီကယ်ဆယ်ရေးပ ရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံပွဲကျင်းပ


ရန်ကုန် ဇွန် ၂၉
ဘဘာဝဘေးကြိုတင် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများ နှင့် တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရာသီဥတု ပြောင်းလဲမှုများကို မည်ကဲ့သို့ တုန့်ပြန်ဆောင်ရွက်ရမည်ကို ပြည်သူများကသိရှိရန် အရေးကြီးကြောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် ဆုံးရှုံးမှုလျော့နည်းအောင် ဆောင်ရွက်ရာတွင် လူ့အသက်သေဆုံးမှု နည်းနိုင်သမျှ နည်းအောင်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဖောင်းဒေးရှင်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း၊ ငလျင်ဘေးနှင့် ပတ်သက်၍လည်း ကြိုတင်ပြင်ဆင် ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့် အယှက်ဖြစ်စေမည့် လူကြောင့် ဖြစ်သောဘေး၊ သဘာဝဘေးများကို ကြိုတင်ကာကွယ်နိုင်ကြရန် လိုအပ်ကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ ပူးပေါင်းဆောင်ရွက် မှုသည်လည်း အလွန်အကျိုးရှိပါကြောင်း၊ ထိရောက်သော ချိတ်ဆက်ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းဒေသကြီးအတွင်း သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးက Disaster Alert Notification (DAN) mobile application နှင့်ပတ်သက်၍ DAN application သည်သဘာဝဘေးနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပြည်သူများသို့ပေးပို့ခြင်း၊ သဘာဝဘေး ခံစားရရှိမှုများကို ပြည်သူများထံမှ ပြန်လည် သတင်းရယူခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသုံးပြုနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော လူမှုအဖွဲ့အစည်းများက မှန်ကန်သော ဘေးအန္တရာယ် သတင်းရရှိရေးနှင့် ကူညီထောက်ပံ့မှုများတွင် အပို၊ အလိုကို ညှိနှိုင်းဆောင်ရွက်ရေး၊ ဘေးဒဏ် ခံစားရသောသူများ အားလုံးသာတူညီမျှရရှိရေး၊ ရှာဖွေကယ်ဆယ်ရေး သင်ရိုးပြဋ္ဌာန်းပေးနိုင်ရေး၊ ကျွမ်းကျင်လုပ်ငန်းများအလိုက် မှတ်ပုံတင်ကတ်ထုတ်ပေးနိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေး ဝတ်စုံ သတ်မှတ်ပေးနိုင်ရေး၊ သဘာဝဘေး စီမံခန့်ခွဲမှုသင်တန်း၊ သဘာဝဘေးလျှော့ချရေး သင်းတန်းများ ပိုမိုသင်ကြားပေးနိုင်ရေး၊ မြို့နယ်အဆင့်ကော်မတီတွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပါဝင်နိုင်ရေး၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေး ကြရာ ဘေအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအရ လိုအပ်ချက်များကို အမြန်ဆုံး ပြန်လည်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် လည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားသည်။
 
(သတင်းစဉ်)

No comments:

Post a Comment