Tuesday, May 7, 2019

ရှေ့နေနှင့် တရားရေးဂျာနယ်



နိဒါန်း

ဆရာ
ဗျာ
ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ “ရှေ့နေနှင့် တရားရေးဂျာနယ်ပါ
ဘာကို ရေးချင်တာလဲဆရာ
ဖတ်ကြည့်ကြစို့

တရားရေးဂျာနယ် (Judicial Journal)

ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးထံမှ အမှတ်တရပေးပို့သော တရားရေးဂျာနယ် တစ်စောင် လက်ခံရရှိသည်။ ၂၀၁၉၊ ဖေဖော်ဝါရီလထုတ် အတွဲ (၃)၊ အမှတ်(၈) ဖြစ်ပါသည်။


မာတိကာ

မာတိကာအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် လှုပ်ရှားမှုသတင်းမှတ်တမ်းလွှာ၊ ကဗျာများ၊ ဆောင်းပါး များ၊ တရားစီရင်ရေးရာ၊ English Section ဖွဲ့စည်းပုံနှင့် စာတည်းအဖွဲ့၊ မှတ်တမ်းဓာတ်ပုံများ ဖော်ပြပါရှိသည်။

တရားရေးညီလာခံ

သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ အမှုများစစ်ဆေး စီရင်ခြင်းဆိုင်ရာ အာရှ၊ ပစိဖိတ်ဒေသ တရားရေးညီလာခံကို နေပြည်တော်တွင် ၂၉-၁၀-၂၀၁၈ မှ ၃၀-၁၀-၂၀၁၈ အထိ ကျင်းပနိုင်ခဲ့ သည်။ ညီလာခံသို့ အာရှနှင့် ပစိဖိတ်ဒေသမှ တရား သူကြီးချုပ်များ၊ တရားသူကြီးများ၊ ဥပဒေပညာကျွမ်း ကျင်သူများ၊ ပါမောက္ခများ၊ ရှေ့နေများ တက်ရောက်ခဲ့သည်။

ညီလာခံ၏ ဆွေးနွေးချက်များမှာ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်း လဲခြင်းတို့နှင့် ဆက် နွှယ်နေသောအမှုများ၊ ကြုံတွေ့ရသော စိန်ခေါ်မှုများ ကို အဓိက ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် တရားရေးသမိုင်းမှတ်တမ်းတစ်ရပ် မော်ကွန်းထိုးနိုင်ခဲ့ သည်။

အိန္ဒိယတရားစီရင်ရေးအကယ်ဒမီ

မြန်မာနိုင်ငံမှ တရားသူကြီးများ၊ တရားရေးအရာရှိ များအနေနှင့် အိန္ဒိယနိုင်ငံ အမျိုးသားတရားစီရင်ရေး အကယ်ဒမီသို့ သင်တန်းတက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရေးထိုးနိုင်ခဲ့သည်။

ဆောင်းပါးများ

တရားစီရင်ရေးနယ်ပယ်မှ တရားသူကြီးများ၊ တရား ရေးအရာရှိများ၏ ရှားရှားပါးပါး ဆောင်းပါးများကို နှစ်စဉ်တရားရေးဂျာနယ်များတွင် တွေ့ရတတ်သည်။

လှအေး(တရားရေး)၏ ကြိုတင်ထွက်ချက်၊ ပိုနေမြဲ ကျားနေမြဲ လျှောက်ထားမှု၊ သမ္မန်စာ ဆောင်းပါး(၃) ပုဒ်သည် လက်တွေ့ဆန်သည်။ အမြင်မတူသူများ ဂနသေချာစွာ ဖတ်ရှုခြင်းဖြင့် ဥပဒေအမြင် ကြည်လင် စေမည်ဖြစ်သည်။

ဦးသိန်းကိုကို၏ အမွေပုံ မှုခင်းဆုံးဖြတ်ရာတွင် လိုက်နာရမည့်အချက်များ ဆောင်းပါးသည် အမှုနှစ်မှု၏ အဓိက အငြင်းပွားသည့် အကြောင်းအရာတူညီလျှင် ယခင်အမှုပြီးပြတ်သည့်တိုင်အောင် နောက်စွဲဆိုသော အမှုကို ဆိုင်းငံ့ ရန်လိုအပ်ကြောင်း စီရင်ထုံးနှင့်တကွ တင်ပြရေးသားထားသည်။

ဦးထွန်းထွန်းအောင်၏ စင်ကာပူသမ္မတနိုင်ငံ၏ အစိုးရဌာနအကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲမှု ဆောင်းပါး၊ တင်တင်မာ(တရားရေး)၏ စွဲချက်တင် သောအခါဝယ်၊ စိုးဝင်း(ဒီပဲယင်း)၏ ဒီကရီ နှစ်ဆင့်နှင့် ပစ္စည်းရောင်းချခြင်းပြဿနာ၊ ဂျူနီယာတုတ်ကလေး၏ ရှေ့နေရှေ့ရပ်များ၊ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း မိတ်ဆက်ဆောင်းပါးများကို လက်မလွှတ် တမ်း ဖတ်ရှုသင့်ပါသည်။

သုတေသန

သုတေသနဆန်ဆန်၊ လက်တွေ့ဘ၀အားမာန်များ ဖြင့် ရည်òန်းကိုးကားရမည့် ဆောင်းပါး (၂)ပုဒ်မှာ မျိုးကျော်အောင်(တရားရေး)၏ နိုင်ငံတစ်ဝန်း မှုခင်း စီမံခန့်ခွဲမှုအစီအစဉ်ဖြင့် မှုခင်းစီမံခန့်ခွဲမှုစနစ်အား အကောင်အထည်ဖော်ဆောင် ရွက်ခြင်း ဆောင်းပါးနှင့် ဒေါက်တာ သိမ့်သိမ့်ထွေး ရေးသားသော တရားမမှု များတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး (Court Led Mediation in civil suits) ဆောင်းပါးဖြစ် သည်။

ရည်ရွယ်ချက်နှင့် အနှစ်သာရ ကောင်းမွန်သောစနစ်၊ စဉ်ဆက်မပြတ် စစ်ဆေးစီရင်မှု၊ အရေးပါတဲ့ပုံစံတွေ၊ခေါင်းဆောင်မှုအရည်အသွေး၊ အဓိကတော့ အလုပ် လုပ်ဖို့ပါပဲဟု မျိုးကျော်အောင် (တရားရေး) က ရေးထားသည်။

ဒေါက်တာ သိမ့်သိမ့်ထွေးကလည်း လူတစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်မှုနှင့် စိတ်စေတနာ ကောင်းတို့အပေါ် များစွာတည်မှီနေသည်ဟု အသိပေး ထားပါသည်။

ဦးဦးသန့်၏ တစ်သီးပုဂ္ဂလ လူမွဲခံယူခြင်းဆိုင်ရာ သိကောင်းစရာများ၊ ထွန်းမျိုးဌေး၏ ခရစ်ယာန်ဘာသာ ဝင်များ တရားရုံးတွင် မှတ်ပုံတင်ထိမ်းမြားခြင်းပြုနိုင် ရန် လိုအပ်ချက်များနှင့် စွဲချက်နှင့် ပတ်သက်သော ပြင်ဆင်မှုဥပဒေသများကို လေ့လာခြင်းဆောင်းပါး များကို တရားရေးဆန်ဆန်၊ သုတေသနဆန်ဆန် လက်တွေ့ဘ၀များမှ ပေါက်ဖွားရေးသားကြောင်း မြင်သာသည်။

တရားစီရင်ရေးရာ

တရားလွှတ်တော်ချုပ်၏ ၂၀၁၆ ခုနှစ် တရားမအထူး အယူခံမှုအမှတ် ၅၅ နှင့် ၅၆ ၊ ၂၀၁၆ ခုနှစ် တရားမ အထူးအယူခံမှု အမှတ် ၆၃၊ ၂၀၁၆ ခုနှစ် တရားမအထူး အယူခံမှုအမှတ် ၇၄၊ ၂၀၁၆ ခုနှစ် တရားမအထူး အယူခံမှုအမှတ် ၃၇၈ တို့၏ စီရင်ချက်များကို ကောက် နုတ်ဖော်ပြသည်။

English Section
Recognition and enforcement of Foreign Judg-ment in Myanmar ( Junior Toke Kalay); Digitalization and enhancing Courts Proceedings and Justices with Information Technology ( Khin Myint Cho ) တို့၏ ဆောင်းပါးများဖော်ပြပါရှိသည်။

English Section တွင် ဆောင်းပါးများ (ယခု ထက်ပိုမို၍) ဖော်ပြသင့်ပါသည်။ အပြည်ပြည် ဆိုင်ရာ သင်တန်းအတွေ့အကြုံများ၊ အလုပ်ရုံဆွေးနွေးပွဲများ၏ အနှစ်သာရများ၊ မျိုးဆက်သစ် တရားသူကြီးများ၏ တရားစီရင်ရေးလက်တွေ့ဘ၀ အခက်အခဲများကို မည် သို့ ဖြတ်ကျော်ပုံ၊ သတင်းမီဒီယာများနှင့် ဆက်ဆံရေး အခြေအနေ၊ ရှေ့နေရှေ့ရပ်များနှင့် တရားသူကြီးများ ၏ လက်တွေ့ တရားခွင်စိန်ခေါ်မှုများအကြောင်း မဖုံး မကွယ်ဘဲ မြိုင်မြိုင်ဆိုင်ဆိုင် ရေး သားနိုင်သူများကို တရားရေး ဂျာနယ်က ကြိုဆိုနေမည်ဖြစ်ပါ သည်။

ခေတ်အဆက်ဆက် တရားသူကြီးချုပ်များ

ခေတ်အဆက်ဆက် တရား သူကြီးချုပ်များ၏ အမည်၊ တာဝန် ထမ်းခဲ့သော ကာလများကို ဓာတ်ပုံများနှင့်တကွ ၂၀၁၈၊ တရားရုံးနှစ်စဉ်အစီရင်ခံစာတွင် တွေ့မြင်ရသည်။ နေရာအတိုင်း အတာအရ အသေးစိတ်မဖော်ပြနိုင်ခဲ့သဖြင့်၊ ယခုကဲ့သို့ တရားရေးဂျာနယ်တွင် နေရာပေးဖော်ပြသင့်မည်။ ခေတ်အဆက်ဆက် တရားသူကြီးချုပ်များ အကြောင်း သိသူ၊ မီသူ၊ သုတေသီများက ရေးသားတင်ပြခြင်း၊ ခေတ်အမြင်ဆွေးနွေးခြင်း၊ စီရင်ထုံးပြုခဲ့သော ထူးခြား သည့် စီရင်ချက်များ အကြောင်း၊ သုတေသီများပြုစု ခဲ့ပြီးသော တရားရုံးချုပ်တရားသူကြီးများ၏ ဘ၀ ဇာတ်ကြောင်း၊ သက်ရှိထင်ရှားရှိနေကြသော တရားရုံး ချုပ်တရားသူကြီးများ၏ ကိုယ်တွေ့ဘ၀အတွေးအမြင်၊ သူ့ခေတ်သူ့အခါက ပုံရိပ်များအကြောင်း၊ ထုံးဟောင်း သက်သေရှာဖွေသိရှိသင့်သော တရားရေးဗဟုသုတ များ၊ ဆောင်းပါးများ၊ (နောင်နှစ်များတွင်) စုံစုံလင်လင် ဖော်ပြနိုင်ပေလိမ့်မည်ဟု ထင်သည်။

Bench and Bar

တရားခွင်နှင့် ရှေ့နေများ (Bench and Bar) အကြောင်း သိသာထင်ရှားသည့် ရေးသားဖော်ပြချက်များကို စုံလင်စွာဖတ်ရှုလိုပါသည်။ ရေးသားကြသည့် ဥပဒေ ပညာရှင်များ၊ သုတေသီများ၊ သက်ကြီးရွယ်အို ရှေ့နေ ကြီးများ (ကိုယ်တိုင်မရေးသားနိုင်လျှင် တွေ့ဆုံမေးမြန်း မှု အစီအစဉ်များ၊ ဆွေးနွေးချက်များ)ကို တရားရေး ဂျာနယ်စာတည်းအဖွဲ့က အားထုတ်နိုင်ကြလျှင် တရား ရေးဂျာနယ်၏ သွင်ပြင်ပိုမိုကြည်လင်ပေမည်။ စာတည်း အဖွဲ့ကလည်း အားထုတ်နိုင်မှာပါ။

တရားရေးဂျာနယ်

တရားရေးလောကအတွက် တရားရေးဂျာနယ်သည် တောက်ပသောကြယ်တစ်ပွင့် ဖြစ်ပေသည်။ လှုပ်ရှားမှု သတင်းမှတ်တမ်းလွှာများတွင် မြို့နယ်အဆင့် အောက် ခြေအဆင့်၏ နေ့စဉ်လှုပ်ရှားမှု အခက်အခဲများကို မဖော် ပြသင့်ဖူးလား။ ဘယ်လိုအခက်အခဲတွေကို အောက်ခြေ မှာ ရှင်းခဲ့သလဲ။ ပြည်သူ့အမြင် ကြည်လင်စေခဲ့ပါ သလဲ။ မြန်မြန်ဆန်ဆန်အမှုစစ်ဆေးပြီး စံပြရခဲ့သော မြို့နယ်တရားသူကြီးများအကြောင်း ရေးမပြသင့်ဘူးလား။

တရားရုံးကို ကြောက်စရာမလို ဟူသော ပြည်သူ့ အမြင် ပိုမိုကြည်လင်စေရေး၊ တရားရုံးကို အထင်မြင် လွဲမှားနေသော ရှေ့နေရှေ့ရပ်များ၏ စိန်ခေါ်မှု၊ သတင်း မီဒီယာများ၊ သတင်းထောက်များ၏ တရားရုံးအပေါ် အပြန်အလှန်နားလည်လက်ခံမှု၊ ဖြေရှင်းပေးမှုများ၊ တရားရုံးအဆင့်ဆင့်၏ စီရင်ချက်၊ ဆုံးဖြတ်ချက်များ အပေါ် ဥပဒေနှင့်အညီ အယူခံခြင်း၊ ပြင်ဆင်မှုတင်သွင်း ခြင်း၊ အပြည့်အဝဆောင် ရွက်နိုင်ပါလျက် ဥပဒေ အခွင့်အရေးရှိပါလျက် တစ်ကိုယ်တော် ဆန္ဒပြမှုများ အပေါ် လေ့လာသုံးသပ်ချက်၊ ရှေ့နေရှေ့ရပ်များ၏ တစ်ဦး ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ တရားစီရင်ရေးအောင် မြင်ရန် အဖိုးတန်သောအကြံပြုချက်ဆောင်းပါးများ၊ တွေ့ဆုံဆွေးနွေးမှုများ၊ အဆင့်မြင့်တရားသူကြီးများ နှင့် ရှေ့နေရှေ့ရပ်များ မျက်နှာချင်းဆိုင် ညှိနှိုင်းဆွေးနွေး ပွဲများ ဘယ်နှကြိမ်ကျင်းပခဲ့သည်။

ရလဒ်များ မည်သို့ ရရှိခဲ့သည်။ တရားရေး၊ ဥပဒေ၊ ရဲတပ်ဖွဲ့စသည့် ဆက်စပ်အဖွဲ့များနှင့် မည်သို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပုံများ၊ တရားသူကြီးများ ကိုယ်တိုင် ကျင်းပဖြေဆိုခဲ့သော သတင်းစာရှင်းလင်းပွဲများ(အချို့) စသည်များကို တရားရေးဂျာနယ်၏ သင့်ရာကဏ္ဍတွင် ဖော်ပြရန် သင့်၊ မသင့် သုံးသပ်သင့်ပါမည်။ သုတေသန အရည်အသွေးလည်း ပြည့်ဝစေ၊ တရားရေးကဏ္ဍ၏ လက်တွေ့ဘ၀များ၊ စိန်ခေါ်မှုများကို အေးချမ်းစွာ မည် သို့ဖြေရှင်းဆောင်ရွက်ခဲ့ပုံများကိုလည်း ပေါ်လွင်စေ မည်ဟု မျှော်လင့်မိပါသည်။

ခရီးမဝေးအနီးလေး

ကဗျာဆရာ ကိုတရား(ထီးတန်း) ၏ ‘ခရီးမဝေး အနီးလေး ကဗျာက စူးရှထိမိသည်။ တရားရေးဂျာနယ်၏ ရှေ့တန်းကဗျာတစ်ပုဒ်ပါ။ ထို့ကြောင့် မူရင်းအတိုင်း ကောက်နုတ် တင်ပြပါရစေ။

သူငယ်ချင်း
မင်းငြင်းငါငြင်း
တင်းမာခြင်းက
အမှန်ရရေး
ခရီးလေးက
ဝေးသထက်ဝေးနေဦးမှာပါ။
သူငယ်ချင်း
မင်းရောငါပါ
မာနခွာချ
ပကာသနကင်း
စိတ်ရင်းဖြူဖွေး
စိတ်ကောင်းမွေး၍
ဖေးဖေးမမ
ကူညီကြမှ
တရားမျှတ
လောကပါလ
အမှန်ရရေး
ခရီးမဝေး
အနီးလေးမှာ ရှိတော့မည်တဲ့

နိဂုံး

ဣနြေ္ဒ ကြီးမားသော ‘တရားရေးဂျာနယ် သည် အစဉ်အလာများကို ဖောက်ထွက်ပြီး ပြည်သူ့အမြင် ထင်ဟပ်သော သွက်လက်ထက်မြက်သည့် တရားရေး ဂျာနယ်ဖြစ်လာမည်ဟု မျှော်လင့်ကြိုဆိုလျက်ပါ ခင်ဗျား။ ။

ဦးဟန်ညွန့် (ဥပဒေ)

No comments:

Post a Comment