Friday, May 3, 2019

ဆိုင်ကလုန်းမုန်တိုင်း ''ဖန်နီ" နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟို ဌာနသို့ သွားရောက်မှာကြား

 နေပြည်တော် မေ ၂

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ''ဖန်နီ"(FANI) နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့ထံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန (EOC) ၌ မုန်တိုင်း နှင့်ပတ်သက်၍ စတင်ဖြစ်ပေါ်မှုအခြေ အနေ၊ လက်ရှိ မုန်တိုင်းဦးတည် ရွေ့လျားနေမှု အခြေအနေနှင့် မုန်တိုင်း၏သက်ရောက်နိုင်သည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြသည်။


ပြည်ထောင်စုဝန်ကြီးက ဆိုင် ကလုန်းမုန်တိုင်း ''ဖန်နီ''(FANI)နှင့် ပတ်သက်၍ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC)အနေဖြင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်သတင်း ထုတ်ပြန်ရန် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက် များနှင့် ပညာရှင်များ၏ သုံးသပ်ချက်များ ကို ဂရုပြုအလေးထားဆောင်ရွက်ရန်၊ အဆိုပါ ဆိုင်ကလုန်း ဖြစ်ပွားနိုင်သည့် နေရာများနှင့်ပတ်သက်၍ ဆောင်ရွက် ထားရမည့်အခြေအနေများကို အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် ပြည်နယ်/တိုင်း ဒေသကြီး ဦးစီးမှူးရုံးများသို့ သတင်း ပေးပို့အကြောင်းကြားရန်၊ ဖန်နီ(FANI) မုန်တိုင်း သက်ရောက်နိုင်ခြေရှိသော ရခိုင်ပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် လေပြင်း တိုက်ခတ်မှု၊ မိုးရွာသွန်းမှုအခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ထားကြ ရန်၊ မြန်မာနိုင်ငံတွင် ယခင်က ဖြစ်ခဲ့ဖူးသော မုန်တိုင်းများနှင့် မုန်တိုင်း အဖျားခတ်မှုများကြောင့် ထိခိုက် မှုဖြစ်စဉ် များကဲ့သို့ ပြည်သူလူထု ထိခိုက်ခံစားကြ ရမှုများ မဖြစ်ပွားစေရေးအတွက် ဂရုစိုက် သတိပြု ကြရန်၊ မြန်မာနိုင်ငံသို့ မုန်တိုင်း တိုက်ရိုက်ဝင်ရောက်ရန် အခြေအနေမရှိ ကြောင်း သိရသော်လည်း ထိခိုက်နိုင်ခြေရှိသော ဒေသများတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ကြိုတင် ချိတ်ဆက်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ဆက်သွယ်ရေးပိုင်းတွင်လည်း မလိုလား အပ်သည့် အခက်အခဲများမဖြစ်ပေါ်စေရန် သတင်းပေးပို့သည့် အချက်အလက်များ ရှင်းလင်းမှုရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment