Thursday, May 9, 2019

မြန်မာစာရေးဆရာကလပ်၏ အကြိုက်ဆုံးစာအုပ်ဆုနှင့် စာမူဆုချီးမြှင့် အကြိုက်ဆုံး စာအုပ်ဆုအဖြစ် ''တဆတ်ဆတ်တုန်ခါနေသော ချောတိုင်တက်သူများ'' နှင့်အခြားဝတ္ထုတိုများစာအုပ်နှင့် စာမူဆုအဖြစ် “တောင်တန်းများ၏မနက်ဖြန်''တို့ရရှိ



ရန်ကုန်၊ မေ ၈
မြန်မာစာရေးဆရာကလပ်၏ (၂)နှစ် မြောက်အထိမ်းအမှတ် အကြိုက်ဆုံးစာအုပ် ဆု/စာမူဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန် မြို့ Orchid Hotel ၌ ကျင်းပသည်။

မြန်မာစာရေးဆရာကလပ်၏ ၂၀၁၈ ခုနှစ် အကြိုက်ဆုံးစာအုပ်ဆုအဖြစ် ''တဆတ်ဆတ် တုန်ခါနေ သော ချောတိုင်တက်သူများ''နှင့် အခြားဝတ္ထုတိုများ စာအုပ်ဖြင့် ဆရာမနှင်းဆီအောင်က ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အကြိုက်ဆုံးစာမူဆုအဖြစ် ''တောင်တန်းများ၏မနက်ဖြန်'' ဝတ္ထုရှည်ဖြင့် ဆရာမသဉ္ဇာလှိုင် (လားရှိုး)တို့က ရရှိခဲ့ကြသည်။
မြန်မာစာရေးဆရာ ကလပ်၏ နာယကဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်က ''ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနှစ်သက်ဆုံး ရသစာပေဆု စာအုပ်ဆုကို စနစ်တကျ ကော်မတီဖွဲ့ရွေးချယ်ခဲ့ပြီး အလားတူပဲစာမူဆုကိုလည်း ရသစာပေ ထူးချွန်တဲ့ စာရေးဆရာကြီးများ ကိုယ်တိုင် အကြိမ်ကြိမ်အထပ်ထပ် ရွေးချယ်ပြီး ဆုချီးမြှင့်တဲ့ ပွဲဖြစ်ပါတယ်''ဟု အမှာစကားတွင် ပြောကြားသည်။
ထို့နောက် ''တဆတ်ဆတ်တုန်ခါနေသော ချောတိုင်တက်သူများ''နှင့် အခြားဝတ္ထုတိုများ စာအုပ်ဖြင့် မြန်မာစာရေးဆရာကလပ် အကြိုက်ဆုံးစာအုပ် ဆုရရှိသည့် ဆရာမ နှင်းဆီအောင်အား မြန်မာစာရေးဆရာကလပ် ဒုတိယဥက္ကဋ္ဌ (၁) ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ)က လည်းကောင်း၊ ''တောင်တန်းများ၏ မနက်ဖြန်'' ဝတ္ထုရှည်ဖြင့် မြန်မာစာရေးဆရာကလပ်အကြိုက်ဆုံး စာမူဆုရရှိသည့် ဆရာမသဉ္ဇာလှိုင် (လားရှိုး)အား မြန်မာစာရေးဆရာကလပ် တွဲဖက်အတွင်းရေးမှူး(၂) ဆရာမ နှင်းဝေငြိမ်းက လည်းကောင်း ဆုများချီးမြှင့်ပေးသည်။
မြန်မာစာရေးဆရာကလပ် (၂)နှစ်မြောက် အထိမ်းအမှတ်အကြိုက်ဆုံး စာအုပ်ဆုအတွက် ငွေကျပ် ၁၀ သိန်းနှင့် ဆုတံဆိပ်၊ အကြိုက်ဆုံး စာမူဆုအတွက် ငွေကျပ် ငါးသိန်း၊ ဆုတံဆိပ်နှင့် စာအုပ်ထုတ်ဝေပေးမည်ဖြစ်ကြောင်း မြန်မာစာရေးဆရာကလပ်မှသိရသည်။
ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား မြန်မာစာရေးဆရာကလပ် ဗဟိုကော်မတီဝင် ဟောပြော/ စည်းရုံးရေးတာဝန်ခံ ဆရာဆောင်းဝင်းလတ်က ဆုရစာအုပ်နှင့် စာမူဆုများ အပေါ် အကဲဖြတ်သုံးသပ်တင်ပြသည်။
ဆရာဆောင်းဝင်းလတ်က ''ဆရာမ နှင်းဆီအောင်ရဲ့ တဆတ်ဆတ်တုန်ခါနေသော ချောတိုင်တက်သူများနှင့် အခြားဝတ္ထုတိုများ စာအုပ်ရေးဖွဲ့ရာမှာ စာရေးသူရဲ့ ရင်တွင်းခံစားမှု ပါရှိတာကို တွေ့ရပါတယ်။ လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူလောက လူ့ပတ်ဝန်းကျင်ကို သင့်တင့်မျှတစွာ ရွေးချယ်သွားတာကို တွေ့ရှိရပါတယ်။ စာရေးသားမှု အနုပညာ ပိုင်းမှာ လည်း အားကောင်းနေတာကို တွေ့ရှိရပါတယ်။ ကိုယ်ပိုင်စာရေးဟန်ကိုလည်း တွေ့ရပါ တယ်။ ဇာတ်ကောင်ပြောစကား ဝါကျအသုံးအနှုန်းစကားလုံး ရွေးချယ်မှု ကောင်းမွန်နေတာ ကို တွေ့ရပါတယ်။ ဒါကြောင့် အကောင်းဆုံးစာအုပ်ဆု ပေးတာပါ။”
''ဆရာမသဉ္ဇာလှိုင် (လားရှိုး)ရဲ့ ''တောင်တန်းများ၏ မနက်ဖြန်'' ဝတ္ထုရှည်က ဝတ္ထုတစ်ပုဒ် အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ဆွဲဆောင်မှုရှိတဲ့ ရသဝတ္ထုရှည် တစ်ပုဒ်ဖြစ်တာ တွေ့ရပါတယ်။ ခြုံငုံ သုံးသပ်ကြည့်တဲ့ အခါမှာတော့ လုံးချင်းဝတ္ထုစာမူ အဆင့်မီတာကို အားလုံးက သုံးသပ်မိပါ တယ်။ အကြောင်းအရာပိုင်းကတော့ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာသွားပြီး အလုပ်လုပ်တဲ့အခါမှာ လူငယ်တွေရဲ့ မြန်မာမိသားစု အချင်းချင်း စောင့်ရှောက်အပ်တဲ့ အကြောင်းတရားတွေ၊ ဝတ္ထုစာအုပ်မှာပါတဲ့ လူငယ် သုံးဦးရဲ့ ချစ်ခြင်းမေတ္တာအကြောင်းတရားတွေ၊ တစ်ယောက်နဲ့ တစ်ယောက်ထားရှိအပ်တဲ့ ကိုယ်ချင်းစာတရားတွေ၊ သူတို့ရဲ့ လူမှုဘ၀ပတ်ဝန်းကျင်ကို သွက်သွက် လက်လက် ရေးသားတာတွေ့ရပါတယ်။ စာဖတ်သူကို စိတ်လှုပ်ရှားစရာဖြစ်အောင်လည်း ဆွဲဆောင်ပြီး ရေးသားတဲ့စာရေးဟန်ကို တွေ့ရတဲ့အတွက် မြန်မာစာရေးဆရာကလပ်ရဲ့ အကောင်းဆုံး စာမူဆုကို ချီးမြှင့်တာဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာစာရေးဆရာကလပ်၏ ဥက္ကဋ္ဌအဖြစ် ဆရာကောင်းသန့်က တာဝန်ယူထားပြီး ဆရာမင်းယုဝေ၊ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာဂုဏ်ထူး ဦးသိန်းနိုင်နှင့် ဆရာဒေါက်တာသိန်းလွင်တို့က နာယကများ အဖြစ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာစာရေးဆရာကလပ်သည် မြန်မာနိုင်ငံ ပြည်သူ့နီတိပြန့်ပွားထွန်းကားရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ညွန့်ကိုကို ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment