ရန်ကုန် မေ ၈
ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည်
ယနေ့ ည ၇ နာရီ ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားသဖြင့်
လေယာဉ်ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက် ကျိုးပဲ့ပျက်စီးကာ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယနေ့ ည ၇ နာရီခန့်က Biman Bangladesh
လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် BG.060၊ လေယာဉ်အမှတ် S 2.A GQ Bombardier Q.400 ဘင်္ဂလားဒေ့ရှ်
နိုင်ငံမှ လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြေးလမ်းအမှတ် ၂၁ မှ ဆင်းသက်စဉ်
အရှိန်လွန်၍ ၀၃ ထိပ် Cargo ဘက်ပြေးလမ်းညာဘက်ခြမ်းသို့ ပြုတ်ကျခဲ့သဖြင့် လေယာဉ်သည် ဦးခေါင်းကျိုး၊
တောင်ပံနှစ်ဖက်၊ ပန်ကာဒလက်များ ကျိုးသွားကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက
“ အဆင်းမှာ ပြေးလမ်းချော် သွားတာပါ။ အသေအပျောက်တော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေတော့ရှိတယ်။
လေယာဉ်တော့ ပျက်စီးသွားတယ်။ လောလောဆယ် ဖြစ်ပွားတဲ့နေရာမှာ လေယာဉ်ဆီတွေ ယိုစိမ့်နေလို့
အနားလည်းကပ်လို့ မရသေးဘူး။ မီးသတ်က အသင့်စောင့်နေရတယ်။ သတိထားပြီး လုပ်နေရတယ်” ဟု ည
၇ နာရီ ၁၀ မိနစ်ခန့်က မြန်မာ့သတင်းစဉ်သို့ ပြောသည်။
ယင်းလေယာဉ်တွင် ခရီးသည် ၂၉ ဦး၊ လေယာဉ်အမှုထမ်းခြောက်ဦး
လိုက်ပါလာပြီး ခရီးသည်များတွင် ကနေဒါတစ်ဦး၊ တရုတ် သုံးဦး၊ ဒိန်းမတ် တစ်ဦး၊ ပြင်သစ်တစ်ဦး၊
UK နှစ်ဦး၊ အိန္ဒိယတစ်ဦး၊ ဆွစ်ဇာလန်တစ်ဦး၊ ဘင်္ဂလားဒေ့ရှ ၁၆ ဦး၊ မြန်မာသုံးဦး လိုက်ပါ
လာကြောင်း သိရသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက “ ည ၇ နာရီခန့်မှာ ရန်ကုန် လေဆိပ်ကို ဆင်းလာတဲ့ Biman Bangladesh
လေကြောင်းလိုင်းက လေယာဉ် ဟာ ပြေးလမ်းနဲ့ ဘီးမထိဘဲ ပေ ၆၀၀၀ လောက်မှ ပြေးလမ်းနဲ့ ဘီးသွားထိတယ်။
နောက်ကျ သွားလို့ပြန်တက်ဖို့ ကြိုးစားတဲ့အခါမှာ မတက်နိုင်တော့ဘဲ ပြန်ကျပြီး ပြေးလမ်းအဆုံး
ညာဘက်ထိပ်ကို ပြန်ကျတယ်။ လေယာဉ်တောင်ပံ နှစ်ခုကျိုးပြီး ကိုယ်ထည်တွန့်ခေါက် ပျက်စီးသွားတယ်”
ဟု ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားနေစဉ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို
ခေတ္တပိတ်ထားပြီး ယင်းအချိန်တွင် ဆင်းသက်မည့် ပြည်တွင်းလေယာဉ်များသည် နေပြည်တော် လေဆိပ်သို့လည်းကောင်း၊
ပြည်ပ လေကြောင်းလိုင်းများသည် ထိုင်းနိုင်ငံ ချင်းမိုင်သို့ လည်းကောင်း ဆင်းသက်ခဲ့ရကြောင်း
သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လေယာဉ်မှူးတစ်ဦး၊
လေယာဉ်မယ်တစ်ဦး၊ အင်ဂျင်နီယာတစ်ဦးနှင့် ခရီးသည်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပ
ပြည်သူ့ဆေးရုံကြီးသို့ လေဆိပ်ရှိလူနာတင်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ကျန်ခရီးသည်များနှင့်
လေယာဉ် အမှုထမ်းများအား လေဆိပ်အတွင်း ခေါ်ယူကြည့်ရှု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍
အနည်းငယ်ဒဏ်ရာရရှိသော လေယာဉ်အမှုထမ်းသုံးဦးနှင့် ခရီးသည် ၁၂ ဦးအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့
ထပ်မံပို့ဆောင်ကာ ကုသမှုခံယူစေ လျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားချိန်မှစ၍ လေယာဉ်ပြေးလမ်းကို
ခေတ္တပိတ်ထားခဲ့ပြီး ပြေးလမ်း စစ်ဆေးခြင်း၊ ရှင်းလင်းခြင်းများ ဆောင်ရွက်စေခဲ့ရာ ည ၉
နာရီ ၁ မိနစ်တွင် လေယာဉ်ပြေးလမ်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်တွင်းပြည်ပ
လေယာဉ်များ ပုံမှန်ပြန်လည်ဆင်းသက်လျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်မြို့တော်ဝန်
ဦးမောင်မောင်စိုး၊ ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်၊
လေဆိပ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဌေးနှင့် တာဝန်ရှိသူများ
သွားရောက် ကာ ဒဏ်ရာရသူများအား အားပေးစကား ပြောကြားခြင်း၊ အခင်းဖြစ်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူအသင်းမှ
ကိုလွင်မောင်က “ကျွန်တော်တို့ လူမှုကူညီရေး အဖွဲ့တွေအားလုံး လူနာတင်ယာဉ်နဲ့အတူ ရောက်ရှိနေကြပါတယ်။
ခုမြောက်ဥက္ကလာဆေးရုံမှာရှိတဲ့ ဒဏ်ရာရ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ခြောက်ဦး ပေါင်း
၁၉ ဦး ကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ရမယ့် လူနာလေးဦး
ရှိတယ်။ နှစ်ဦးက ဒဏ်ရာနည်းနည်း ပြင်းထန်တယ်။ အဲဒီထဲမှာ လေယာဉ်မှူးလည်း ပါတယ်” ဟု ပြောသည်။
ဇော်ကြီး (ပဏီတ)၊ ထင်ပေါ်ဝင်း၊ မျိုးမင်းသိန်း


No comments:
Post a Comment