နေပြည်တော် မေ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်း တွင်
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းရှိ ရွှေဝတ်မှုံကုမ္ပဏီ၏
သစ်ပါးလွှာ ထုတ်လုပ် သည့် စက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်းသစ်လုံးကုန်ကြမ်းမှ သစ်ပါးလွှာ
ထုတ်လုပ်နေမှု၊ သစ်ပါးလွှာ အတန်းအစား ခွဲခြားမှု၊ ပြည်ပသို့တင်ပို့ရန် ထုတ်ပိုးမှုလုပ်ငန်း
အဆင့်ဆင့်အား ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက
လက်ရှိအစိုးရလက်ထက်တွင် သစ်ထုတ်လုပ်မှုကို လျော့ချထားပါကြောင်း၊ သို့သော် သစ်ပါးလွှာထုတ်လုပ်ရန်
အရည်အသွေးပိုမို ကောင်းမွန်သောကုန်ကြမ်းရရှိစေရန် Fresh Cut သစ်လုံးများကို မြန်မာ့
သစ်လုပ်ငန်းမှ လေလံတင်ရောင်းချပေးလျက်ရှိပါကြောင်း၊ ကုန်ကြမ်းသစ်လုံးများ ဝယ်ယူခြင်းနှင့်
စပ်လျဉ်း၍ ကုမ္ပဏီမှ တင်ပြသောနယ်သစ်ဆိပ်မှ ရန်ကုန်မြို့သို့သယ်ယူသည့် အချိန်ကာလအတွက်
သစ်ဖိုးငွေ ကြိုတင်ပေးသွင်းရသည့်အပေါ် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများထံ တင်ပြဆောင်ရွက်ရန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှုနှင့်
လေ့ကျင့်ပညာပေးရေးဌာန ဧည့်ခန်းမတွင် သင်တန်းကျောင်း တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
သစ်တောဦးစီးဌာန၊ မှော်ဘီသစ်စေ့နှင့် ပျိုးပင်ထုတ်လုပ်ရေး ဝင်းအတွင်း အာရှဒေသအဆင့် သစ်တောကဏ္ဍ
ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO Regional Education
and Training Centre) အတွက် ရွှေမိုးထွဋ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် ခြောက်ခန်းတွဲနှစ်ထပ်
ဝန်ထမ်းအိမ်ရာ (၁) လုံးဆောက်လုပ်နေမှုများအား ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်အချိန်ကာလအတွင်း
စံချိန်စံညွှန်း ပြည့်မီစွာပြီးစီးအောင် တည်ဆောက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့် ပညာပေးရေး သင်တန်းကျောင်းသို့ရောက်ရှိရာ
သင်တန်းကျောင်း တာဝန်ရှိသူများက သင်တန်းကျောင်း စီမံအုပ်ချုပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊
သင်တန်းဖွင့်လှစ်ပို့ချပြီးစီးမှု၊ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများ၊ တွေ့ကြုံနေရသည့်
အခက်အခဲ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အာရှဒေသအဆင့်မီသင်တန်းကျောင်း
တစ်ခုဖြစ်ရန်အတွက် သင်တန်းကျောင်း အဆောက်အဦများ စနစ်တကျထိန်းသိမ်းရန်၊ သင်တန်းကာလအတွင်းနှင့်
သင်တန်းပြီး နောက်ပိုင်းတွင် ပြန်လည်ဆန်းစစ် အကဲဖြတ်လေ့လာမှုများ ပြုလုပ်ခြင်းအား သင်ကြားရေးအတွက်သာမက
သင်တန်းသားများ စားသောက် နေထိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက်ပါ ဆောင်ရွက်ရန်၊
လုံခြုံရေးနှင့် သင်တန်းကျောင်းဝင်းအတွင်း စိမ်းလန်း စိုပြည်ရေးတို့လည်း ဦးစားပေးဆောင်ရွက်ရန်
မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment