Wednesday, May 8, 2019

မြန်မာ - ဩစတြေးလျ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းစည်းဝေး


 
နေပြည်တော် မေ ၇
မြန်မာ - ဩစတြေးလျ နှစ်နိုင်ငံနိုင်ငံခြား ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပရာ အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အင်ဒို - ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် ဝန်ကြီး Mr. Richard Maude တို့က ဦးဆောင်ကျင်းပခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် ကဏ္ဍအသီးသီးတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများအပေါ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ဩစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ အင်ဒို - ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ဝန်ကြီး Mr. Richard Maude နှင့် ကိုယ်စားလှယ် အဖွဲ့အား Park Royal Hotel ၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။
သတင်းစဉ်

No comments:

Post a Comment