နေပြည်တော် မေ ၂
ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်
၉နာရီခွဲတွင် နေပြည် တော်ရှိ အမျိုးသားပြတိုက်၌ ကျင်းပရာ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို
တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်းပစ္စည်းဆိုသည်မှာ ယနေ့ အချိန်မှစ၍ နှစ်ပေါင်း ၁၀၀ ရှေ့ပိုင်းခေတ်ကာလများက လူသားတို့ ဖန်တီးတီထွင်ပြုလုပ်သုံးစွဲခဲ့ကြ သည့် ပစ္စည်းများအားလုံးကိုသတ်မှတ်ကြောင်း၊ ရှေးဟောင်းပစ္စည်းများသည် လူမျိုးတစ်မျိုး၏ သမိုင်း ကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ကုန်သည်စီးပွားရေး၊ လူမှုအဆင့်အတန်း၊ အနုသုခုမအတတ် ပညာ နှင့်လက်မှုအတတ်ပညာတို့ကိုဖော်ပြပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကိုလည်း သိရှိနိုင်ကြောင်း။
ရှေးဟောင်းရွှေထည် လက်ဝတ်ရတနာ အဆင်တန်ဆာများသည်ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သကဲ့သို့ အဆိုပါလက်ဝတ်ရတနာများ ပြုလုပ်သည့် မြန်မာ့ရိုးရာပန်းထိမ်လုပ်ငန်းသည်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့် ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ မြန်မာ့ရိုးရာလက်မှု ပညာရပ် များနှင့်ရှေးဟောင်းအနုပညာလက်ရာများကိုဂုဏ်ယူမြတ်နိုး တန်းဖိုးထားတတ်ရန်လိုအပ်ကြောင်း၊ ပန်း ဆယ်မျိုး အတတ်ပညာများအနက် ပန်းထိမ်ပညာရပ်ကို မတိမ်ကော မပပျောက်စေရန်နှင့် ပန်းထိမ် ပညာရှင်များကို လေးစားဂုဏ်ပြုရန် ရည်ရွယ်ပြီး ခေတ်အဆက်ဆက် မြန်မာလူမျိုးတို့ အသုံးပြုဝတ်ဆင် ခဲ့သည့် ရွှေထည်လက်ဝတ်ရတနာ အဆင်တန်ဆာများကို အထူးပြပွဲအဖြစ်ခင်းကျင်း ပြသခြင်း ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် တာဝန်ရှိသူများနှင့် အတူပြခန်းအတွင်းခင်း ကျင်း ပြသထားသည့် ခေတ်အဆက်ဆက်ထွန်းကားခဲ့သော ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာများကို လှည့်လည်ကြည့်ရှုပြီးပြပွဲနှင့်ပတ်သက်သည့်အကြံပြုချက်ကို ရေးသားသည်။
ယခုခင်းကျင်းပြသသည့် ရွှေထည်လက်ဝတ်ရတနာ အဆင်တန်ဆာ အထူးပြပွဲတွင် ဘီစီ (၂)ရာစုမှ အေဒီ၂၀ ရာစုအထိ သက်တမ်းရှည်သော ရှားပါးလက်ရာမြောက်သည့် ရွှေထည်လက်ဝတ်ရတနာ အမျိုးအစား ၁၀၀၊ အရေအတွက် ၈၇၀၊ ရွှေချိန် နှစ်ပိဿာ ၇၅ ကျပ်သားကျော်ခန့်ကို ခင်းကျင်းပြသ ထားပြီး ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် ရွှေပန်းထိမ်၊ ငွေပန်းထိမ် ပညာရပ်များ၏ တိုးတက် မြင့်မားမှု၊ မြန်မာ့ရိုးရာ ပန်းထိမ်ပညာ၏ နက်နဲသိမ်မွေ့မှုနှင့်ကျွမ်းကျင်စွာ ဖန်တီးနိုင်မှု အခြေအနေများ ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။
အဆိုပါအထူးပြပွဲကို မေ ၂ ရက်မှ၁၉ ရက်အထိ ၁၈ ရက်ကြာ ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး ရှေး ဟောင်း မြန်မာ့လက်ဝတ်ရတနာများကိုစိတ်ပါဝင်စားသူများအနေဖြင့် နံနက်၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိ အခမဲ့လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:
Post a Comment