Thursday, May 9, 2019

ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁ အနီးရှိ ဆွာချောင်းတံတား၏ ရေလယ်တိုင် အမှတ်(၅)နှင့်အမှတ်(၇)တို့ နိမ့်ကျနေမှုတွင် Girder များကို Jack Up ဖြင့် ပြန်လည်မြှင့်တင် ဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် တံတားပေါ်တွင် ယာယီတပ်ဆင်ထားသော ဘေလီသံပေါင်များ ပြန်လည်ဖြုတ် နေသည့်အခြေအနေ၊ တံတားရေလယ်တိုင်အမှတ် (၇) ရှိ Girder များ ကို Jack Up ဖြင့် စတင် ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အများပြည်သူများ နေ့စဉ်အသုံးပြုသွားလာနေသော တံတားဖြစ်၍ လုပ်ငန်းအရည်အသွေးနှင့် စံချိန်စံညွှန်းများကို ပြည့်မီစွာဆောင်ရွက်ပြီး သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆွာချောင်းတံတားသည် ၂၀၁၈ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် ဆွာချောင်းရေ ရုတ်တရက်မြင့်တက်မှုကြောင့် တံတားရေလယ်တိုင်အမှတ် (၅)နှင့် အမှတ် (၇)တို့ နိမ့်ကျ သွားခဲ့သဖြင့် တံတားအုတ်မြစ်များ အားဖြည့်ဆောင်ရွက်နေပြီး Girder များကို Jack Up ဖြင့် ပြန်လည်ဆောင်ရွက်နေရာ ယာယီ ဘေလီတံတားအား မေ ၇ ရက်မှ စတင်ဖြုတ် သိမ်းပြီး မေ ၃၀ ရက်အထိ ၂၃ ရက်အတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း တံတား (အသွားလမ်း) အား ယာယီလမ်းပိတ် ထားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment