Thursday, May 2, 2019

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေ ပေးအပ်ပွဲတက်ရောက်


 
နေပြည်တော် မေ ၁
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌက မွေးမြူရေးနှင့် အသက်မွေးသူပြည်သူများ၏ လူမှုစီးပွားဘ၀နှင့် ဝင်ငွေတိုးတက်လာရေး၊ မြို့ပြနှင့် ကျေးလက်လူနေမှု စနစ်ကွာဟမှုလျော့ကျရန်အတွက် ရန်ပုံငွေပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုက်နာရန် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က အမှာစကားပြောကြားပြီး နေပြည်တော် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ ကျော်ဝင်းက ရန်ပုံငွေလွှဲပြောင်း ပေးအပ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီတို့မှ ရန်ပုံငွေလွှဲပြောင်းပေးအပ်မှု သဘောတူ စာချုပ်ချုပ်ဆိုပြီး နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကျပ် ကျပ်သိန်း ၃၀၀ အား ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်သည်။
မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာ ရန်ပုံငွေများပေးအပ်ရာတွင် လူတစ်ဦးလျှင် နွားတစ်ကောင်နှုန်း မွေးမြူနိုင်ရန် အတွက် နွားတစ်ကောင်လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၆၀ အတွက် ပေးအပ်ခြင်းဖြစ်သည်။
အခမ်းအနားပြီးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နေပြည်တော် ကောင်စီမှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ လယ်ယာမြေ စိုက်ပျိုးနိုင်ရေး၊ ပုံစံ(၇) ရရှိရေး၊ လမ်း၊ တံတားလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ဘုရားတောင်-ပိုတက်-တက်ရှိန်း-သရက်တော အရှည်သုံးမိုင်၊ အကျယ် ၁၈ ပေရှိ ကျေးရွာချင်းဆက် လမ်းခင်းကျင်းနေမှု၊ နေပြည်တော် ကောင်စီ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မသိမ်ကျေးရွာ အနီး ချောင်းမကြီးချောင်း ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် မသိမ်ကျေးရွာနှင့် ပိုးစားတော ကျေးရွာကြား ချောင်းမကြီး ချောင်း ကွန်ကရစ်တံတားတည်ဆောက်နေမှု၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် ပိုးစားတော ကျေးရွာကုန်ထုတ် လမ်းအရှည် ၁ ဒသမ ၄၃၉ မိုင် ရိစာလမ်း ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်

No comments:

Post a Comment