မြန်မာ့သမိုင်းတစ်လျောက်၌ ပျူခေတ်ဦးကာလများတွင်
လူနေအဆောက်အအုံများကို အစောဆုံး ဆောက်လုပ်ခဲ့ ကြောင်း ယူဆကြသည်။ ထို့ကြောင့် ပျူလူမျိုးများ
တည်ဆောက် ခဲ့သည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ မြို့ရိုးများကို ယနေ့တိုင် မြင်တွေ့ကြရပြီး
သစ်ဝါးများဖြင့် ဆောက်လုပ်ခဲ့ ဟန်ရှိသည့် အဆောက်အအုံများကိုကား မမြင်တွေ့နိုင်တော့
ပါချေ။
ပုဂံခေတ်တွင် ဘာသာရေးအဆောက်အအုံများကို
ကျောက်၊ အုတ်များဖြင့် တည်ဆောက်ခဲ့ကြ၍ နန်းတော်နှင့် လူနေအိမ်များကို သစ်ဝါးများဖြင့်
ဆောက်လုပ်ခဲ့သည်။ ထို့ကြောင့် နှစ် ကာလ ရှည်ကြာလာချိန်တွင် ကျောက်၊ အုတ် အဆောက်အအုံ
များသာ ကျန်ရှိခဲ့ပြီး သစ်ဝါး အဆောက်အအုံများကား မရှိ တော့ပါချေ။
သို့သော် ရတနာပုံခေတ်က တည်ဆောက်ခဲ့သည့်
သစ်သား နှင့်အုတ် အဆောက်အုံ အချို့ကို ယနေ့တိုင် ထိန်းသိမ်းထား နိုင်ခဲ့သဖြင့် မြန်မာမှုလက်ရာများကို
မြင်တွေ့နိုင်ကြသည်။ ယင်းတို့အနက် မြန်မာမှု ဗိသုကာလက်ရာနှင့် ဥရောပဟန် များ ပေါင်းစပ်တည်ဆောက်ထားသည့်
ဘုန်းကြီးကျောင်း အဆောက်အအုံ နှစ်ခုဖြစ်သည့် သာကဝန်ကျောင်းနှင့် ယောမင်းကြီး အုတ်ကျောင်းကို
အစဉ်အဆက် ထိန်းသိမ်းခဲ့ သဖြင့် မန္တလေးမြို့၌ ယနေ့တိုင် လေ့လာနိုင်ကြသည်။ သာကဝန် ကျောင်းသည်
ကင်းဝန်မင်းကြီး ဦးကောင်း လှူဒါန်းခဲ့သည့် သစ်သားကျောင်းဖြစ်ကာ ယောမင်းကြီး အုတ်ကျောင်းသည်
ယောအတွင်းဝန်ဦးဘိုးလှိုင် ဆောက်လုပ်ခဲ့သည့် အုတ် အဆောက်အအုံဖြစ်သည်။
မန္တလေးဧည့်လမ်းညွှန်များအသင်း နာယက ဦးရဲမြတ်ထွန်း
နှင့် MTVTH သင်တန်းကျောင်းမှ ဒေါ်စန္ဒာအောင်တို့ စီစဉ် ပေးသည့် Hidden Treasures in
Mandalay လေ့လာ ရေးခရီးကြောင့် မန္တလေးမြို့ရှိ ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းများသို့
ရောက်ရှိခဲ့ရာ သာကဝန်ကျောင်းနှင့် ယောမင်းကြီးကျောင်းတို့ကို လေ့လာခွင့်ရရှိခဲ့သည်။
ကုန်းဘောင်ခေတ် နှောင်းပိုင်းနှင့် ရတနာပုံခေတ်တွင်
ဘုန်းတော်ကြီးကျောင်းများကို ဘုရင်များ၊ မှူးမတ်များ၊ သူဌေးများက တည်ဆောက်လှူဒါန်းခဲ့ကြသည်။
သို့သော် စစ်ဘေးစစ်ဒဏ် ကျရောက်ခဲ့ခြင်း၊ ရာသီဥတုဒဏ်ကို ခံခဲ့ရခြင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု
အားနည်းခြင်း စသည့် အကြောင်း များစွာကြောင့် ဘုန်းကြီးကျောင်းအချို့သည် ပျက်စီးပျောက်
ကွယ်ခဲ့သည်။ ယင်းတို့အနက် မန္တလေးမြို့တွင် ယနေ့တိုင် ထိန်းသိမ်းထားသည့် မြန်မာမှုလက်ရာ
ဘုန်းတော်ကြီးကျောင်း များဖြစ်သော သာကဝန်ကျောင်း၊ ယောမင်းကြီး အုတ် ကျောင်း၊ ရွှေနန်းတော်ကျောင်း၊
သင်္ဂဇာကျောင်း၊ ရွှေအင်ပင် ကျောင်း၊ မဟာမင်းထင်ကျောင်း၊ ရမည်းသင်းကျောင်း၊ မိုးကောင်းကျောင်းနှင့်
ကြေးမြင်ကျောင်းတို့သည် လူသိများ ထင်ရှားကြပေသည်။
သာကဝန်ကျောင်း
သာကဝန်ကျောင်းသည် မန္တလေး မဟာအောင်မြေမြို့နယ်
ကုက္ကိုစုရပ်ကွက် (၈၆)လမ်းနှင့် (၃၈)လမ်းထောင့်ရှိ ကင်းဝန် မင်းကြီးကျောင်းတိုက်ဝင်းအတွင်း၌
တည်ရှိသည်။ ကျောင်း တိုက်အတွင်းသို့ အရှေ့အနောက်သွယ်တန်းထားသည့် စောင်းတန်းအတိုင်း
၈၆ လမ်းဘက်မှ ဝင်ရောက်နိုင်သည်။ ကျောင်းတိုက်ဝန်း ကျင်တွင် ကျွန်းပင်များ စိုက်ပျိုးထားသဖြင့်
လည်း ကောင်း၊ တစ်ကျောင်းလုံးကို ကျွန်းသစ်ဖြင့် တည်ဆောက် ထားသဖြင့်လည်းကောင်း သာကဝန်ဟု
အမည်တွင်ခဲ့သည်ဟု အစဉ်အဆက် ပြောဆိုခဲ့ကြသည်။
သာကဝန်ကျောင်းသည် ကိုလိုနီခေတ်လက်ရာ ခမ်းနား
သော အိမ်ကြီးတစ်လုံးကဲ့သို့ ထင်မှတ်ရကာ တြိဂံပုံ မြင့်မိုရ် ပိတ်များ၊ ကြောင်လိမ်လှေကား၊
လေးထောင့် ကျွန်းသစ်သား တိုင်ကြီးများသည် ပြင်သစ်၊ အင်္ဂလန်စသည့် ဥရောပတိုက် နိုင်ငံများရှိ
နန်းတော်များ၏ပုံစံကို ယူထားဟန်ရှိနေပေသည်။ ယခင်က သာကဝန်ကျောင်းကို အကျယ် ၁၀ ပေ ရှိသည့်
ကျုံး တစ်ခုဖြင့် ပတ်ထားခဲ့ကာ အတင်အချလုပ်နိုင်သည့် တံတားကို ဖြတ်သန်း၍ ကျောင်းသို့
သွားကြရသည်ဟု ဆိုကြသည်။
မြောက်အရပ်သို့ မျက်နှာပြုထားသည့် သာကဝန်ကျောင်း၏
ပန္နက်ပုံစံသည် လေးထောင့်စပ်စပ် ဖြစ်သည်။ ကျောင်း၏အောက်ထပ်မှ လေးထောင့်ပုံကျွန်းတိုင်
များသည် ကျောင်း မျက်နှာစာ အလျားဘက်တွင် ၁၂ တိုင်နှင့် အနံဘက်တွင် ကိုး တိုင်ရှိသည်။
ကျွန်းတိုင် ၁၀၈ တိုင်ဖြင့် တည်ဆောက်ထား သည့် သာကဝန်ကျောင်း၏ အောက်ထပ်တွင် အလျားဘက်၌
တိုင် ၁၀ တိုင်၊ အနံဘက်၌ တိုင်ခုနစ်တိုင်ကို သစ်သားဆန်ခါ ကွက်များဖြင့် တစ်ဆက်တည်း
ကာရံထားသည်။
သာကဝန်ကျောင်း တည်ဆောက်ထားမှု
ကျောင်းတွင်တပ်ဆင်ထားသည့် အုတ်လှေကားများ
အနက် မြောက်ဘက်လှေ ကားသည် အကြီးဆုံးနှင့်အကျယ် ဆုံးဖြစ်သည်။ ကျောင်းအမိုးလေးဘက်တွင်
မြင့်မိုရ်ပိတ်များ ပြုလုပ်၍ ထောင့်စွန်းရှိ တြိဂံပုံအကွက်များ၌ ဥရောပဟန် သစ်သား လင်းယုန်ငှက်ရုပ်များကို
ထည့်သွင်းထားသည်။
ခြေတံရှည်တည်ဆောက်ထားသည့် သာကဝန်ကျောင်း၏
တိုင်လုံးများထိပ်တွင် မြန်မာဟန် ပန်းကနုတ်များ ပုံဖော်ထား ကာ တိုင်များကို မြေတွင်စိုက်ထားခဲ့သဖြင့်
ဆွေးမြည့်လာခြင်းမှ ကာကွယ်နိုင်ရန် လက်ရှိအချိန်တွင် အပြင်ဆုံးတိုင်များ၏ အောက်ခြေကို
အင်္ဂတေဖြင့်ပတ်၍ ထိန်းသိမ်းထားသည်။ အတွင်းပိုင်းတိုင်များကိုမူ မူလအတိုင်း မြေစိုက်တိုင်များအဖြစ်
မြင်တွေ့ကြရပေသည်။ သာကဝန်ကျောင်း၏ မူလအမိုးသည် အမိုးခုံးဖြစ်ခဲ့ပြီး မန္တလေးမြို့၌ ၁၈၉၉
ခုနှစ်ကတိုက်ခတ်ခဲ့ သော လေပြင်းကြောင့် အမိုးနှင့် ပြာသာဒ်ဆောင် နှစ်ဆောင် ပျက်စီးခဲ့ရာ
ကင်းဝန်မင်းကြီး၏မွေးစားသား ဆရာတော် ဦးဓမ္မာဘိ၏ ကပ္ပိယ ဦးလှေက ကျပ် ၈၀၀၀၀ အကုန်အကျခံ၍
အသစ်ပြန်လည်မိုးထားကြောင်း သိရှိခဲ့ရသည်။
မြောက်ဘက်လှေကားမှ ကျောင်းပေါ်သို့ တက်လျှင်
စင်္ကြန်သို့ ဝင်ရန် အပြင်တံခါးမတွင် သံပန်းများတပ်ဆင်ထားရာ ယင်းတို့သည် မူလလက်ရာမဟုတ်ဘဲ
ကျောင်းတိုက် လုံခြုံရေး အတွက် နောက်ပိုင်းမှ တပ်ဆင်ထားသည့် အရံအတားများသာ ဖြစ်ကြသည်။
သာကဝန်ကျောင်း၏ ပင်မဆောင်ကို စင်္ကြန်လမ်းဖြင့်
ပတ် ထားကာ သစ်သားကနုတ်များ ပုံဖော်ထားသည့် တံခါး ၁၀ ချပ်ကို တွေ့ရှိကြရသည်။ ကျောင်းတိုက်
ပင်မအဆောက်အအုံ တစ်ခုလုံးကိုလည်း သစ်သားအပြောက် အမွှမ်းများဖြင့် တန်ဆာဆင်ထားပြီး မျက်နှာကြက်ပန်းများ၊
တိုင်ဖုံးနှင့်တိုင် ထောင့် ပန်းကနုတ်များ၊ အမြှောင်းများဖော်ထားသည့် တိုင် ထောက်များသည်
အလွန် လှပထူးခြားနေပေသည်။ တံခါး မင်းတုပ်များတွင် ဝဲယာနှစ်ဘက်လှည့်နိုင်သည့် လက်ကိုင်
ဘုလုံးများဖြင့် တံခါးအဖွင့်အပိတ်ကို ထိန်းထားသည်။
သာကဝန်ကျောင်း၏ အပေါ်ထပ်ခန်းမဆောင်သည်
မြောက်ဘက်ရှိ ဇာပြတင်း များမှဝင်သည့် အလင်းရောင် အနည်းငယ်သာရှိသဖြင့် အလင်းအားနည်းနေသော်
လည်း တံခါးမကြီးကိုဖွင့်လိုက်လျှင် လုံလောက်သောအလင်းရောင်ကို ရရှိသည်။ ခန်းမဆောင်ကြီးကို
အခန်းငယ်ငါးခန်းဖြင့် ဝန်းရံထားကာ လူတစ်ဦးကောင်းစွာ ဝင်ထွက်နိုင်သော လူတစ်ရပ် ကျော်မြင့်သည့်
ထပ်ခိုးတစ်ခုကို ထည့်သွင်းပြု လုပ်ထားသည်။ ထပ်ခိုးသို့တက်ရန် သစ်သားကြောင်လိမ်လှေကား
ပြုလုပ် ထားပြီး ထပ်ခိုးအလယ်၌ ရှိသည့် ထုလုံးရှည်ပုံအခန်းသည် ကင်းဝန်မင်းကြီး တရားထိုင်ခဲ့သည့်
နေရာဖြစ်ကြောင်း သာကဝန်ကျောင်းမှ ဆရာတော်က ရှင်းပြခဲ့သည်။
ယင်းနေရာသည် အပူဒဏ်ကာကွယ်ရန်နှင့် အကြောင်း
တစ်စုံတစ်ရာဖြစ်ပေါ်ချိန်တွင် ပုန်းအောင်းရန် ပြုလုပ်ခဲ့ခြင်း ဟုတ်မဟုတ်ကိုမူ မသိရှိနိုင်ခဲ့ချေ။
ဝင်ပေါက်တစ်ပေါက်သာ ရှိသည့် ယင်းနေရာတွင် ရေဆင်းမြောင်းငယ်များကို ထည့် သွင်းပြုလုပ်ထားသဖြင့်
ဘုရားဆောင်ဟုလည်း ယူဆဖွယ်ဖြစ် ခဲ့သည်။
ဥရောပဟန် ကျောင်းကြီးကို ရတနာပုံခေတ်
လက်သမား ပညာရှင်များနှင့် ပန်းပုပညာရှင်များက တည်ဆောက်ခဲ့ကြကာ ကင်းဝန်မင်းကြီးသည် သာကဝန်ကျောင်းကြီး
ကို မိမိနေထိုင် ရန် တည်ဆောက်ခဲ့ပြီး လက်ရာကောင်း လွန်းသဖြင့် ဘုန်းတော်ကြီးကျောင်းအဖြစ်
လှူဒါန်းခဲ့သည်ဟူသည့် ယူဆမှု များလည်း ရှိခဲ့သည်။ ကင်းဝန်မင်းကြီး ဦးကောင်းသည် သာကဝန်ကျောင်းကို
မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ်တွင် ငွေကျပ် ၅၀၀၀၀ ကျော် ကျခံသုံးစွဲ တည်ဆောက်ခဲ့ပြီး ပထမကျော်
ပထမစာတော်ချကျမ်းပြု စလင်းဆရာတော် ဦးပညာသီဟ အား ရေစက်ချ လှူဒါန်းခဲ့ သည်။
ကင်းဝန်မင်းကြီး
ရတနာပုံခေတ်တွင် အလွန်ထင်ရှားခဲ့သည့်
ဝန်ကြီးတစ်ပါး ဖြစ်သူ ကင်းဝန်မင်းကြီး၏ ငယ်အမည်သည် မောင်ချင်းဖြစ်ပြီး ၁၈၂၂ ခုနှစ်
ဖေဖော်ဝါရီလ ၃ ရက်တွင် ဖခင်ဦးမှိုနှင့် မိခင် ဒေါ်မယ်စိတို့က မုံရွာစီရင်စု ဗန့်ကျိတိုက်အဝင်
ဆင်ရှင်မြို့နယ် မုံတိုင်ပင်ရွာ(ယခု စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မင်း တိုင်ပင်ရွာ)၌
ဖွားမြင်ခဲ့သည်။ (ထိုစဉ်က မင်းတိုင်ပင်ရွာတွင် အိမ်ခြေခုနစ်လုံးသာရှိခဲ့သည်ဟု ဆိုစမှတ်
ပြုခဲ့သည်။) မောင်ချင်းသည် မွေးချင်းညီအစ်ကိုမောင်နှမ ခုနစ်ဦးအနက် ဒုတိယမြောက် ဖြစ်သည်။
မောင်ချင်းသည် အသက် ၁၀ နှစ်အရွယ်တွင်
ရှင်သာမဏေ ပြုခဲ့၍ ရဟန်းဝါ ငါးဝါအရောက် ၁၈၄၇ ခုနှစ်တွင် မင်း နေပြည်တော် အမရပူရသို့
ရောက်ရှိခဲ့ပြီး ပုဂံမင်းလက်ထက် ၁၈၄၉ ခုနှစ်တွင် လူဝတ်လဲ၍ မင်းတုန်းမင်းသားထံတွင် ခစားခဲ့သည်။
နန်းတွင်း၌ခစားစဉ် ကဗျာရေးစပ်မှု အလွန် ကောင်းမွန်သဖြင့် မောင်ကောင်းဟု အမည်တွင်ခဲ့သည်။
အသက် ၂၈ နှစ်တွင် ဘဏ္ဍာစာရေး၊ အသက် ၃၀ တွင်
ရွှေ တိုက်စိုး ဖြစ်လာခဲ့သည့် ဦးကောင်းသည် တိဏ္ဏုကပျို့ကို ရေးသားသဖြင့် အမှာတော်ရေး
ဖြစ်လာခဲ့ပြီးနောက် တွင် လွှတ်တော်စာရေးကြီး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၈၆၆ ခုနှစ်တွင်
ကင်းဝန်ဖြစ်ခဲ့ချိန်မှစ၍ ကင်းဝန်မင်းကြီးဟု ထင်ရှား ခဲ့သည်။ ၁၈၇၁ ခုနှစ်တွင် ဝန်ကြီးဖြစ်လာခဲ့ကာ
ပြင်သစ်၊ အီတလီနှင့် အင်္ဂလန်နိုင်ငံတို့သို့ ချစ်ကြည်ရေး သံအဖွဲ့ကို ဦးဆောင်၍ သွားရောက်ခဲ့ပြီး
ခရီးသွားစာမှတ်တမ်းများ ရေးသားခဲ့သည်။
အင်္ဂလန်သို့ ရောက်ရှိခဲ့စဉ် ပို့စ်မောက်မြို့မှခံတပ်များကို
မြင်တွေ့ခဲ့ပြီး မြန်မာနိုင်ငံ ပြန်ရောက်ချိန်တွင် ဧရာဝတီမြစ်ကမ်း တစ်လျှောက် ခံတပ်များဆောက်လုပ်ရန်
စီစဉ်ခဲ့သည်။ ယင်း တို့အနက် သုံးပွင့်ဆိုင်တည်ဆောက်ခဲ့သည့် အစေခံ ခံတပ်၊ ဆင်ကျုံးခံတပ်နှင့်
သပြေတန်းခံတပ်တို့သည် အထင်ရှား ဆုံး ဖြစ်သည်။ ထို့အတူ ဥရောပတိုက်နိုင်ငံများသို့ ရောက်ရှိခဲ့စဉ်
မြင်တွေ့ခဲ့ရသည့် ဗိသုကာလက်ရာများကို သာကဝန်ကျောင်း ဆောက်လုပ်ရာတွင် ထည့်သွင်းပုံဖော်ခဲ့သည်။
ကင်းဝန် မင်းကြီးသည် ၁၉၀၈ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ကွယ်လွန်ခဲ့ သည်။
ယောမင်းကြီး အုတ်ကျောင်း
မန္တလေးမြို့ရှိ ဥရောပဟန်လွှမ်းနေသည့် အုတ်အဆောက်
အအုံသည် အီတလီ ဗိသုကာလက်ရာဖြင့် တည်ဆောက်ထား သည့် ယောမင်းကြီး အုတ်ကျောင်းဖြစ်ကာ မန္တလေးတောင်၏
အနောက်ဘက် ဥပုသ်တော်ရပ်တွင် တည်ရှိသည်။ ယင်း ကျောင်းကို ဣဋ္ဌကာရာမ ယောမင်းကြီးအုတ်ကျောင်းဟု
လည်း ခေါ်ဆိုကာ မန္တလေးမြို့မှအထွက် ဂေါက်ကွင်းနှင့် မျက်နှာချင်းဆိုင် မန္တလေး-မတ္တရာ
မော်တော်ကားလမ်း၏ လက်ဝဲဘက်တွင် မြင်တွေ့ရသည်။
ကျောင်းတိုက်ကြီး၏အတွင်းပိုင်း သစ်သားထည်များ
အားလုံးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့သဖြင့် ၁၉၉၈ ခုနှစ်တွင်
အလှူရှင်များနှင့် နိုင်ငံတော်အစိုးရက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည်။
ယောမင်းကြီးအုတ်ကျောင်းကို မင်းတုန်းမင်းလက်ထက်
မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်(ခရစ်နှစ် ၁၈၆၆ နှစ်)က ယော အတွင်းဝန် ဦးဘိုးလှိုင်က ငွေကျပ်
၉၀၀၀၀ အကုန်အကျခံ၍ တည်ဆောက်ခဲ့ရာ မင်းတုန်းမင်းက အလှူငွေ ကျပ် ၁၀၀၀၀ ထည့်ဝင်လှူဒါန်းခဲ့သည်။
ယောမင်းကြီးအုတ်ကျောင်းသည် မန္တလေးမြို့ရှိ အခြားသောအုတ်ကျောင်းများနှင့် ပုံစံကွဲပြား
ကာ အနောက်တိုင်းဗိသုကာဟန်နှင့် မြန်မာဗိသုကာလက်ရာ များကို ပေါင်းစပ်တည်ဆောက်ခဲ့သည့်
လက်ရာအဖြစ် ထူးခြား ခဲ့သည်။ ကျောင်းကြီးကို အိန္ဒိယနိုင်ငံမှပညာရှင်များ ခေါ်ယူ၍ တည်ဆောက်စေခဲ့ကာ
အုတ်တိုင်များသည် အိန္ဒိယနိုင်ငံ အာသောကဘုရင်ခေတ်လက်ရာ တိုင်လုံးများ ဖြစ်ကြသည်။ ထို့ကြောင့်
ဥရောပဟန်အပြင် အိန္ဒိယ အငွေ့အသက်များပါ ပါရှိနေသည်ဟု ဆိုနိုင်ပေသည်။
အုတ်ကျောင်း၏အမိုးကို အင်ကြင်းသားရက်မနှင့်
မြားတန်းများပေါ်၌ အုတ်ချပ်များခင်းကာ တည်ဆောက်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်းက
ကျောင်းပေါ်သို့ကျခဲ့သည့် ဗုံးဒဏ်ကြောင့် အမိုးနှင့် အတွင်းပိုင်း သစ်သားလက်ရာများ၊
အင်္ဂတေကနုတ်ပန်းများ ပျက်စီးခဲ့ကာ ကျောင်းတိုက်၏ ပင်မ နံရံလေးဘက်သာ ကျန်ရှိခဲ့သည်။
နှစ်ထပ်အုတ်တိုက်၏ အပေါ်ထပ် နံရံလေးဘက်တွင်
ပြတင်းပေါက်နှင့် လေဝင်ပေါက် ၁၁၃ ပေါက်ရှိကာ အမိုးပေါ် မှကျလာသည့်ရေများကို ပိုက်ဖြင့်သွယ်ယူ၍
ကျောင်းတိုက်၏ အရှေ့မြောက်ယွန်းယွန်းတွင် တူးဖော်ထားသည့် ရေကန် အတွင်းသို့ စီးဝင်စေကြောင်း
ကျောင်းတိုက်ကိုစောင့်ရှောက် နေသည့် ဆရာတော်က လိုက်လံ ရှင်းပြခဲ့သည်။
ကျောင်းတွင်ပုံဖော်ထားသည့် အင်္ဂတေပန်းများသည်
အရှေ့တိုင်းနှင့် အနောက်တိုင်း အနုပညာနှစ်ရပ်ကို ပေါင်းစပ် ပြုလုပ်ထားသည်။ ဥရောပဟန်ကြောင်လိမ်လှေကား
၊ ခုံး ဆောင်၊ ဆင်ဝင်၊ အင်္ဂတေနံရံပေါ်မှ မြန်မာကနုတ်ပန်းများ၊ ခြင်္သေ့ခံတိုင်လုံးများ
သည် မြင်ရသူများအား ဆွဲဆောင်လျက် ရှိနေသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်
ယောအတွင်းဝန်ဖြစ်လာမည့် မောင်ဘိုးလှိုင်ကို
မြန်မာ သက္ကရာဇ် ၁၁၉၁ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၀ ရက်(၁၈၃၀ ပြည့်နှစ် ဧပြီလ ၂ ရက်)တွင်
ရေနံချောင်းမြို့စား ယင်းတော ဝန်ကြီး သတိုးမင်းလှကျော်ထင်နှင့် ဝန်ကတော် မယ်ငြိမ်းတို့က
မြင်းခြံမြို့အပိုင် ရွာပုလဲ၌ ဖွားမြင်ခဲ့သည်။ အသက် ကိုးနှစ် အရွယ်တွင် ကျပို့ရွာဆရာတော်ကျောင်း၌
သာမဏေဝတ်ခဲ့ သည်။
အသက် ၁၆ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ ယင်းတော
ဝန်ကြီးအား သာယာဝတီမင်းက အဆုံးစီရင်ခဲ့ပြီးနောက် မိခင် က ကိုရင်ဘိုးလှိုင်ကို လူထွက်စေ၍
မင်းတုန်းမင်းသားထံ အပ်နှံခဲ့သည်။ မင်းတုန်းမင်းသည် မောင်ဘိုးလှိုင်အား သာမဏေ ပြန်ဝတ်စေပြီး
ပင်းဆရာတော်ထံ အပ်နှံခဲ့သည်။ ၁၂၁၄ ခုနှစ်တွင် နောင်တော်ပုဂံမင်းကို ပုန်ကန်ခြားနားရန်
ရွှေဘိုသို့ထွက်ခဲ့သည့် မင်းတုန်းမင်းသားနှင့် အတူ မောင်ဘိုးလှိုင်သည်လည်း ပဉ္ဇင်းဘ၀မှလူထွက်၍
လိုက်ပါသွားခဲ့သည်။ အသက် ၂၃ နှစ်တွင် ယောမြို့ကို စားခဲ့ရာမှ နောင်အချိန်တွင် ယောမင်းကြီး
ဟု ထင်ရှားခဲ့သည်။ ယောမြို့စားဘိုးလှိုင်သည် မြန်မာသက္ကရာဇ် ၁၂၁၅ ခုနှစ်တွင် မကွေးဝန်ကြီး၏သမီး
ခင်ဖြူနှင့် လက်ဆက်ခဲ့သည်။ ဘုရင့်မင်းမှုထမ်းဘ၀တွင် မကြာခဏ ရာထူးမှချခြင်းခံ ခဲ့ရသည်။
ဦးဘိုးလှိုင်သည် ပါဠိ၊ သက္ကတ ဘာသာများအပြင်
အနောက်တိုင်း သိပ္ပံပညာရပ်များကိုပါ နှံ့စပ်စွာ သိကျွမ်းသဖြင့် ဘာသာ ရေးကျမ်း၊ ဆေးကျမ်း၊
နီတိကျမ်းများကို ရေးသားပြုစုခဲ့ရာ ရာဇဓမ္မသင်္ဂဟကျမ်းနှင့် ဥတုဘောဇန သင်္ဂဟကျမ်းသည် အလွန်ထင်ရှားခဲ့သည်။
ကုန်းဘောင်ဆက် မဟာရာဇဝင် အလိုအရ ယောမင်းကြီးဦးဘိုးလှိုင်သည် မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်
ဝါဆိုလပြည့်ကျော်တွင် ကွယ်လွန်ခဲ့သည်။ ယောမင်းကြီးရုပ်တုနှင့် အထိမ်းအမှတ်ဗိမာန်ကို
အောင်မြေသာစံ မြို့နယ် (၂၂)လမ်း၊ လမ်း(၉၀)နှင့် (၉၁)လမ်းကြား၌ တည် ဆောက်ခဲ့သည်။
လက်ရာထူးခြားသော ကျောင်းများ
ကင်းဝန်မင်းကြီးနှင့် ယောအတွင်းဝန်တို့သည်
မိမိတို့အလှူ တော်ကျောင်းများကို ရတနာပုံခေတ် လက်ရာ မြန်မာ ဘုန်း တော်ကြီးကျောင်းများ၏
ပုံစံဖြစ်သည့် ကျောင်းဦးပြာသာဒ်၊ စနုဆောင်၊ ဇေတဝန်ဆောင်နှင့် ဘောဂဆောင်တို့ဖြင့် မဖွဲ့
စည်းဘဲ အနောက်တိုင်းဟန်များဖြင့် တည်ဆောက်ခဲ့ကြကာ မြန်မာမှုများဖြင့်လည်း မွမ်းမံခဲ့ကြသည်။
ထို့ကြောင့် ရတနာပုံ ခေတ်လက်ရာ ကျောင်းများအနက် ထူးခြားသောကျောင်းများ ဖြစ်ခဲ့ရပေသည်။
မည်သို့ပင်ဆိုစေ လွန်ခဲ့သည့် နှစ် ၁၅၀
ဝန်းကျင်က တစ်ကျောင်းနှင့်တစ်ကျောင်း ၁၃ နှစ်ခြားကာ တည်ဆောက်ခဲ့ သည့် ကျောင်းတိုက်နှစ်ခုသည်
ဥရောပဟန်လွှမ်းနေသည့် ကျောင်းတိုက်များအဖြစ် ယနေ့ ပြည်တွင်းပြည်ပ ခရီးသွားများ အကြား
ထင်ရှားလျက်ရှိရာ နောင်နှစ်များကြာရှည်စွာ တည်တံ့နေစေရန် ထိန်းသိမ်းစောင့်ရှောက် ထားကြရမည့်
မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်နေ ကြပြီဖြစ်ပေသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)
No comments:
Post a Comment