Thursday, May 9, 2019

ဘင်္ဂလားပင်လယ်အော် ဂေဟစနစ်ကြီးစီမံကိန်း အမျိုးသားအဆင့် ညှိနှိုင်းအကြံပြု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် မေ ၈
ဘင်္ဂလားပင်လယ်အော် ဂေဟစနစ်ကြီး စီမံကိန်း (Bay of Bengal Large Marine Ecosystem-BOMLME) အမျိုးသားအဆင့် ညှိနှိုင်းအကြံပြု အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ M- Gallery ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အစားအစာ အာဟာရဖူလုံပြည့်ဝစေမှု၊ ကျေးလက်လူထုများစွာတို့၏ အသက်မွေးလုပ်ငန်း တိုးတက်မြင့်မားစေမှုနှင့် ဝင်ငွေတိုးပွားစေမှုတို့အပေါ် ငါးလုပ်ငန်း သည်လည်း တစ်ခန်းတစ်ကဏ္ဍက အထောက်အကူ ပြုလျက်ရှိကြောင်း၊ မြန်မာ့ပင်လယ်ပြင် ရှိ ငါးသယံဇာတများရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးနှင့် နှစ်ပေါင်းများစွာစီမံခန့်ခွဲနိုင်သည့် လိုအပ်သော သတင်းအချက်အလက်များ ရရှိနိုင်ရေးနှင့် နည်းပညာတိုးမြှင့်ရေးတို့ကို မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းဖွံ့ ဖြိုးမှုအတွက် အကြံဉာဏ်များ ရယူနိုင်စေရန်၊ BOM-LME အဆင့်-၂ စီမံကိန်းကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် လုပ်ငန်းစဉ်များ ချမှတ်ဖော်ထုတ် ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ ယင်းနေ့အခမ်းအနား ကို ကျင်းပရခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောသည်။
ပင်လယ်ကမ်းခြေဒေသအတွင်းရှိ ပြည်သူတို့၏ နေထိုင်မှုဘ၀ တိုးတက်မြင့်မားရေး၊ ဘင်္ဂလားပင်လယ် အော် ပတ်ဝန်းကျင်၏ ဒေသဆိုင်ရာစီမံခန့်ခွဲမှု နည်းလမ်းကောင်းများ တိုးတက်စေခြင်းဖြင့် ကမ်းရိုးတန်းဒေသများတွင် မှီတင်းနေထိုင်နေကြသူများ၏ လူမှုဘ၀နှင့် အဏ္ဏဝါငါးလုပ်ငန်းကဏ္ဍတို့ကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မော်လ်ဒိုက်၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စသည့် ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်သည့် ဘင်္ဂလားပင်လယ်အော် ဂေဟစနစ်ကြီးစီမံကိန်း (BOMLME)ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း စီမံကိန်းအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။
(BOMLME) စီမံကိန်း၏ လုပ်ငန်းစဉ် အစိတ်အပိုင်းဖြစ်သည့် Dr. Fridtjof Nansen သုတေသန ရေယာဉ်သည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ပင်လယ်ပြင်များတွင် ငါးသယံဇာတများ တိုင်းတာဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ၊ ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်တို့တွင် လာရောက်၍ မြန်မာနိုင်ငံကမ်းရိုးတန်းဒေသ၏ တည်ရှိနေရာပုံဖော် စစ်ဆေးခြင်း၊ အဏ္ဏဝါပြင် ဂေဟစနစ်ကို လေ့လာစစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို Global Environment Facility (GEF) အထောက် အပံ့ဖြင့် IUCN မှ ကြီးမှူးကျင်းပခြင်းဖြစ်ကာ တက်ရောက်လာသူများ၏ ဆွေးနွေးချက် များအရ BOMLME အဆင့်-၂ စီမံကိန်း အပြီးသတ်စာတမ်း (Full Size Project) ပြင်ဆင်မှုကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် GEF သို့ တင်သွင်းရာ၌ များစွာအထောက် အကူ ပြုစေနိုင်မည်ဖြစ်ပြီး BOMLME စီမံကိန်းအောက်မှ မြန်မာနိုင်ငံအတွက် ငါးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့်၊ စီမံကိန်းများစွာ ပေါ်ထွက်လာနိုင်စေမည့် အကျိုးကျေးဇူးများ လည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment