Thursday, May 9, 2019

ဥရောပနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား နေပြည်တော်၌ ကျင်းပ



နေပြည်တော် မေ ၈
ဥရောပနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။

တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ လွှတ်တော် ကိုယ်စားလှယ် များ၊ သံအမတ်ကြီးများ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဥရောပသမဂ္ဂ အမျိုးသားသီချင်းတို့ကို ဖွင့်လှစ်ပြီး အလေးပြုကြသည်။
နှုတ်ခွန်းဆက်စကားပြော
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့ က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ကိတ်မုန့်လှီးဖြတ်ပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt တို့သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီး အကဲများနှင့်အတူ ဥရောပနေ့ အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဥရောပသမဂ္ဂ သံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment