နေပြည်တော်
မေ ၁
ရှမ်းပြည်နယ်
တောင်ကြီးမြို့ရှိ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်၌ ဧပြီ ၂၈ ရက် က ဖြစ်ပွားခဲ့သည့်
လေးလောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ) အိုက်အုံး အား ဧပြီ ၂၉ ရက်
နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိဿ နီးပါးခန့်နှင့် ငွေကျပ် ၇ သိန်းကျော်တို့ကို ယနေ့တွင် ရှာဖွေဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ
တောင်ကြီးမြို့ ကန်သာယာရပ်ကွက် မင်္ဂလာလမ်း အမှတ် ၁၁၈ နေ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်ပိုင်ရှင်
ဒေါ်အေးရွှေသည် ပင်လုံမြို့ ကမ္မဋ္ဌာန်း ကျောင်းတိုက်ဆွမ်းကပ်လှူပွဲသို့ သွားရောက်ပြီး ဧပြီ ၂၈ ရက် နံနက်ပိုင်းက နေအိမ်သို့ ပြန်ရောက်စဉ်
သမက်ဖြစ်သူ စိုင်းဆေမွန် (ခ) ဆေမွန် ၊ သမီးဖြစ်သူ မနန်းခမ်းလှိုင် ၊ မြေးဖြစ်သူ စိုင်းဖဖ၊
အိမ်အကူဖြစ်သူ မအေးမိုးတို့အား ပြင်ပ ဒဏ်ရာ အသီးသီးဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကာ နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၅ မျိုး၊ ငွေကျပ်
သိန်း ၄၀ အပါအ၀င် စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်း ၁၅၅၀ ကျော် ပျောက်ဆုံးနေသဖြင့်
တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူအား
ဖော်ထုတ်နိုင်ရေး စိစစ်စုံစမ်းစစ်ဆေးခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ
မသင်္ကာသူကို သတင်းကွင်းဆက်ရရှိပြီး အခင်းဖြစ်အရပ်၌ ကျန်ရှိသည့် သဲလွန်စပစ္စည်းများနှင့်
ဆက်စပ်အတည်ပြုဖော်ထုတ်ကာ ဧပြီ ၂၉ ရက် နံနက်
၇ နာရီခန့်တွင် ပြစ်မှု ကျူးလွန်သူ တင်အုန်း (ခ) အိုက်အုံးအား ကျောက်မဲမြို့နယ် အထက်မြင်းကွင်း
ကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ
၁ ပိဿ နီးပါးခန့်နှင့်ငွေကျပ် ၇ သိန်း ၂ သောင်း တို့ကို ၎င်း၏ နေအိမ်မှ ယနေ့တွင် အထူးအမှုစစ်အဖွဲ့က
ရှာဖွေ ဖော်ထုတ် သိမ်းဆည်း နိုင်ခဲ့ကြောင်း။
ကနဦးစစ်ကြောချက်အရ
ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ) အိုက်အုံးသည် မူးယစ်ဆေးဝါးစွဲနေသူ တစ်ဦးဖြစ်ပြီး မြင်းဖြူနှစ်ကောင်
တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနှင့် မောင်နှမ ၀မ်းကွဲ တော်စပ်ကြောင်း၊ ဒေါ်အေးရွှေ၏
ခင်ပွန်းမှာ ကွယ်လွန်သွားပြီ ဖြစ်ပြီး၎င်းတို့ ဇနီးမောင်နှံမှာ သားသမီးထွန်းကားမှု မရှိသဖြင့်
တင်အုန်း (ခ) အိုက်အုံး၏ ပထမအိမ်ထောင်နှင့် ရရှိထားသူ သားတစ်ဦးကို မွေးစားထားခဲ့ကြောင်း၊
လက်ရှိတွင် အဆိုပါသားမှာ အိမ်ထောင်ကျကာ အိမ်ခွဲ၍ သီးခြား နေထိုင်ကြောင်း၊ ဒေါ်အေးရွှေက
မနန်းခမ်းလှိုင်ကို လွန်ခဲ့သော နှစ် ၂၀ ကျော်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကြောင်း၊ မနန်းခမ်းလှိုင်မှာ
ဒေါ်အေးရွှေနှင့်အတူ နေထိုင်ပြီး ဆေးတိုက်လုပ်ငန်းကိုလည်းကိုယ်တိုင်ဦးစီး လုပ်ကိုင်နေ
သူဖြစ်သဖြင့် အမွေခွဲမှုများ ရှိလာပါက တင်အုန်း
(ခ) အိုက်အုံး၏ သား အမွေအရနည်းမည်ကို စိုးရိမ်မှု ၊ မိမိ ၏ ငွေကြေးလိုအပ်မှုတို့ကို အခြေခံကာ
အခြားသူနှင့် ပူးပေါင်း၍ ၎င်းက အဓိက စီမံ ဦးဆောင်ကြိုး ကိုင်ပြီး သေဆုံးသူ မိသားစုအား
သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့်ပြစ်မှုကျူးလွန်သူများအား
ဖမ်းဆီးရမိရေးနှင့် ကျန်ရှိသော သက်သေခံ ပစ္စည်းများအား သိမ်းဆည်းရမိရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment