Sunday, May 5, 2019

(၇၃) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား နေပြည်တော်၌ကျင်းပ


 
နေပြည်တော်၊ မေ ၅
နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၏ ၂၀၁၉ ခုနှစ် (၇၃) နှစ်မြောက် မီးသတ် တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးပွဲတော်ကွင်းအတွင်းကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ နေပြည်တော် ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောတပ်ဖွဲ့ ၀င်များအားလေးပြုခြင်း၊ သစ္စာ (၄) ချက်ရွတ်ဆိုခြင်းများဆောင်ရွက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က မိန့်ခွန်းပြောကြားသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်တွင် ဆီသယ်ယာဉ်မှ ဆီပေပါ အတွင်းသို့ဆီချစဉ် ပွတ်တိုက်မှု ကြောင့် မီးပွင့်ရာမှဖြစ်ပွားသော မီးလောင်မှုကို မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ယာဉ်မတော်တဆ တိုက်ခိုက်မှုကြောင့် ယာဉ်အတွင်းပိတ်မိနေသောလူနာကို ကယ်ဆယ်ခြင်းနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ ဆာလဖြူရစ်အက်ဆစ် ယိုစိမ့်မှု ဖြစ်စဉ်တွင် Hazmet Vehical Respond Team ၏ ဘေးအန္တရာယ်လျော့ပါးရေးနှင့် CBRNE ကယ်ဆယ်ရေး ဆောင်ရွက်မှု အစီအစဉ်နှင့် ဆေးရောင်စုံရေပက်ဖျန်းခြင်းတို့ကို လက်တွေ့သရုပ်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စစ်ရေးပြနှင့် သရုပ်ပြအစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် အမျိုးသားတပ်ဖွဲ့ဝင် များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးက စစ်ရေးပြနှင့် သရုပ်ပြအစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် အမျိုးသမီးတပ်ဖွဲ့ဝင်များ ကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လုပ်သက် (၂၅) နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသော တပ်ဖွဲ့ဝင်များအားလည်းကောင်း ဂုဏ်ပြုဆုငွေ များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် (၇၃) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ မီးသတ်ပစ္စည်းများ ကိရိယာများကို လှည့်လည်ကြည့်ရှုကြသည်။
(သတင်းစဉ်)

No comments:

Post a Comment