Thursday, April 11, 2019

Physical Education Seminar ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော် ဧပြီ ၁၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Seminar ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

▲▲ပြန်လည်ဆန်းစစ်အတည်ပြုသွားမည်▲▲
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က National PE Seminar ၌ ပြောကြားမည့် ခေါင်းစဉ်နှင့် ဆွေးနွေးပြောကြားမည့်သူများကို အတည်ပြု ဆုံးဖြတ် မည်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်မည့် National PE Seminar ဖြစ်သောကြောင့် ကောင်းမွန်သည့်ရလဒ်များ မျှော်မှန်းထားကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးသို့ ပေးပို့အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး သုံးလတစ်ကြိမ် အကောင်အထည် ဖော်ကာ ပြန်လည်ဆန်းစစ်အတည်ပြု သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်က စာတမ်း ခေါင်းစဉ်များ ပြောကြားနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအား ပေးပို့အကြောင်းကြားခဲ့ရာ ထွက်ပေါ် လာသော စာတမ်းများအနက် National PE Seminarနှင့် သင့်လျော်သော စာတမ်းခေါင်းစဉ်လေးခုနှင့် စာတမ်းရှင်အမည်များအား အတည်ပြုပေးနိုင်ရေး တင်ပြဆွေးနွေးသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က အားကစားနှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက်ခြင်းကြောင့် ပိုမိုကောင်းမွန်သော ရလဒ်များထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ကာယပညာရေးအတွက် အားကစားကို အမှန်တကယ် တာဝန်ယူသောပုဂ္ဂိုလ်များ၊ အားကစားသမားများကို လိုအပ်နေပါကြောင်း၊ National PE Seminarတွင် ဆွေးနွေးကြမည့် ပညာရှင်များ၏ ဆွေးနွေးမည့်ခေါင်းစဉ်များအား အတည်ပြုပေးနိုင်ရေး ဆွေးနွေး တင်ပြသည်။
▲▲ဝိုင်းဝန်းအကြံပေးဆွေးနွေး▲▲
ထို့နောက် အစည်းအဝေးတက်ရောက်ကြသူများက National PE Seminar ဖြစ်မြောက်ရေးအတွက် စာတမ်းခေါင်းစဉ်၊ ဆွေးနွေးမည့်သူများ၊ ဆွေးနွေးမည့် အကြောင်းအရာများကို အတည်ပြုပေးနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကျောင်းသား အားကစားပွဲတော်ဖြစ်မြောက်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကာယချိန်များတွင် ကျောင်းသားများအား ကြီးကြပ်ပေးနိုင်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကျောင်းသားများအာဟာရ မှန်ကန်မှုများကို စစ်ဆေးနိုင်ရေး ဆွေးနွေးမှုများကို ဝိုင်းဝန်းအကြံပြု ဆွေး နွေးသွားကြောင်း၊PE သင်တန်းပို့ချရန်လိုအပ်သော အားကစားအထောက် အကူပြုပစ္စည်းများကို အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားအဖွဲ့ချုပ်များက ကူညီပံ့ပိုးပေးနိုင်ပါရန် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပေးဆွေးနွေးကြသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က National PE Seminar ကျင်းပနိုင်ရေး လုပ်ငန်းလိုအပ်ချက်များ ထပ်မံဖြည့်စွက်ဆွေးနွေး တင်ပြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment