Thursday, April 11, 2019

အင်းလျားကန်ပေါင်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရန်အတွက် အလှဆင်မှုများ ပြုလုပ်နေ


ရန်ကုန် ဧပြီ ၁၀

၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ ပြည်လမ်း အင်းလျား ကန်ပေါင်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရန်အတွက် အလှဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။


ထိုသို့ အလှဆင်မှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြတ်မွန်ရတနာကုမ္ပဏီ က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အင်းလျားကန်ပေါင်ပေါ်ရှိ လမ်းလျှောက်သင်္ကြန်မှာ အရှည်ပေ ၁၉၀၀ ရှိပြီး ပုသိမ်ထီးအလှများ၊ ပိတောက်ပန်းပွင့်များဖြင့် အမိုးပြုလုပ်ထားသည်။ ကန် ပေါင်အောက်ခြေရှိ လျှောက်လမ်းတွင် အရှည်ပေ ၁၀၀၀ ကို ရောင်စုံပိတ်များဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း ကန်ပေါင်တစ်လျှောက်ရှိ ပန်းအလှကွက်များ မပျက်စီးစေရေး အတွက် ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက '' ပြီးခဲ့တဲ့ မိုးတွင်းက ပန်းကွက်ကြီး ၁၁ ကွက်ကို အဆင့်မြှင့်တင်ဆောင်ရွက်ထားတယ်။ လာမယ့် သင်္ကြန်မှာ ပန်းကွက်တွေ ပျက်စီးမှုမရှိအောင် အစိမ်းပတ်တွေ၊ ဝါးတွေနဲ့ ကာရန်ထား ပါတယ်''ဟု ပြောသည်။

ယခုနှစ်တွင် ပြည်လမ်း ကန်ပေါင်ရိုး ထိပ်တစ်ဖက်တစ်ချက်တွင် ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်နိုင်ရန် အားကစားပစ္စည်းများ တပ်ဆင်ထားသည်ကို တွေ့ရသည်။ သင်္ကြန် ပွဲတော်တွင် ပါဝင် ရေကစားမည့်သူများအနေဖြင့် အင်းလျားကန်အတွင်း ရေဆင်းကူးခြင်း မပြုရန်နှင့် ဆိုင်များခင်းကျင်းရောင်းချရန် နေရာသတ်မှတ်ထားခြင်းများ မပြုလုပ်ရန်အတွက် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသည်။

အင်းလျားကန်ပေါင်ရိုး တစ်လျှောက် သန့်ရှင်းရေးကို ရန်ကုန် မြို့တော်စည်ပင် သာယာရေးဝန်ထမ်းများဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအတွက် စီစီတီဗွီ များ တပ်ဆင်ထားကာ ရဲတပ်ဖွဲ့ဝင်များ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ဝန်ထမ်းများ အပါအဝင် မြို့နယ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:

Post a Comment