မန္တလေး ဧပြီ ၂၁
၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် ဖေဖော်ဝါရီလအတွင်းက
ကျင်းပခဲ့သည့် KG တန်းမှ န၀မတန်းအထိ စာမေးပွဲ အောင်စာရင်းများကို ဧပြီ ၂၁ ရက်က မန္တလေးတိုင်းဒေသကြီး
အတွင်းရှိ အခြေခံပညာ ကျောင်း အသီးသီး၌ ထုတ်ပြန် ကြေညာခဲ့ရာ ၎င်းတို့အနက် စတုတ္ထတန်း နှင့်
အဋ္ဌမတန်းစာမေးပွဲတွင် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အောင်စာရင်းများအနက် စတုတ္ထတန်းတွင်
တိုင်းဒေသကြီး အတွင်းမှ ၁၀၅၉၃၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀၅၉၂၈ ဦး အောင်မြင်ခဲ့ကြကာ
အဋ္ဌမ တန်းစာမေးပွဲတွင် ဖြေဆိုသူ ၈၆၀၃၇ ဦး အနက် ၈၆၀၂၉ ဦး အောင်မြင်ခဲ့ကြပြီး အောင်ချက်ရာခိုင်နှုန်းမှာ
၉၉ ဒသမ ၉၉ ရာခိုင်နှုန်းရှိကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ-တာဝန်)
ဦးစိုးလွင်က ပြောသည်။
"ကျွန်တော်တို့ ပညာရေးဝန်ကြီး ဌာနရဲ့
ပြောင်းလဲကျင့်သုံးနေတဲ့ ပညာရေး စနစ်က စဉ်ဆက်မပြတ် အကဲဖြတ် စစ်ဆေးပြီး အတန်းတက်မယ့်စနစ်ကို
သွားဖို့ ဦးတည်နေတာပါ။ ဒါကြောင့် စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်
တဲ့နေ့မှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု မရှိစေဖို့ အဆင့်ခွဲခြားတဲ့စနစ်ကို
ရှောင် ပြီး အားလုံးတန်းတူညီတူ သတ်မှတ်ပေးချင်တဲ့အတွက် A, B, C အဆင့်တွေ သတ်မှတ်ထုတ်ပြန်ပေးခြင်း
မရှိခဲ့ပါဘူး " ဟု ၎င်းက ဆက်လက်ပြောသည်။
လာမည့် ၂၀၁၉- ၂၀၂၀ ပညာသင် နှစ်တွင် အခြေခံပညာမူလတန်း
အဆင့် Grade – 3 ကို ဘာသာရပ် ၁၀ ခု ပါဝင် သည့် သင်ရိုး သစ်များဖြင့် လည်းကောင်း၊ အခြေခံပညာ
အလယ်တန်းအဆင့် Grade – 6 ကို ဘာသာရပ် ၁၁ ခု ပါဝင်သည့် သင်ရိုးသစ်များဖြင့် လည်းကောင်း
ပြောင်းလဲသင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:
Post a Comment