Monday, April 15, 2019

မြန်မာ့ရိုးရာ မဟာသင်္ကြန် (အကြတ်နေ့) တွင် နေပြည်တော် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစား







နေပြည်တော် ဧပြီ ၁၅

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်နေ့) တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာ ကျွေးမွေး အလှူဒါန ပြုကြသူများ၊ ဘုရားကျောင်းကန်များတွင် တရားဘာဝနာ ပွားများကြသူများနှင့် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကားများပြားခဲ့သည်။


နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ တေးသံရှင်များက တေးသီချင်းများဖြင့် လည်းကောင်း၊ ယိမ်းအဖွဲ့များက ယိမ်းအက အလှများဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြပြီး ရေပက်ခံကားများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့သည့်အပြင် လာရောက်ရေကစားကြသည့် သင်္ကြန်ချစ်သူ ပြည်သူများအား စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

အလားတူ ရခိုင်ရိုးရာရေကစားမဏ္ဍပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန်မဏ္ဍပ်နှင့်  နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်း၊ လယ်ဝေး၊ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များရှိ ရေကစားမဏ္ဍပ်များ၊ မိသားစုမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူ ပြည်သူများက ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာ အလှူဒါနပြုလုပ်ခြင်းများဖြင့် စည်ကားခဲ့သည်။

ယနေ့ သင်္ကြန်အကြတ်နေ့တွင် Sky Net ရေကစားမဏ္ဍပ်၌ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ ဖျော်ဖြေကြသကဲ့သို့ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရေကစားကြသူများဖြင့် အထူးစည်ကားသည်။

ထို့အတူ နေပြည်တော်အတွင်းရှိ အထင်ကရ နေရာများဖြစ်သည့် လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ ရေပန်းဥယျာဉ်၊ နေပြည်တော် ဆာဖာရီဥယျာဉ်တို့တွင်လည်း လာရောက်လည်ပတ် အနားယူ အပန်းဖြေကြသည့် မိသားစုများ၊ ပြည်သူများဖြင့် များပြားခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော်၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်ကြီးစသည့် ဘုရားကျောင်းကန်များနှင့် တရားစခန်းများတွင် ကုသိုလ်ပြုကြသူ များ၊ တရားဘာဝနာ ပွားများကြသူများလည်း များပြားခဲ့သည်။

ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြ စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်း မရှိစေရန် စစ်ဆေးခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပန်းဖြေကမ်းခြေ စခန်းများတွင် လာရောက်အပန်းဖြေကြသူများ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိစေရေးအတွက်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက သတိပေးနှိုးဆော်ခြင်းနှင့် လှည့်ကင်းများဖြင့် အနီးကပ်စောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သတင်း - မျိုးရဲသူ
ဓာတ်ပုံ - လေးသန်းထိုက်ဖုန်

No comments:

Post a Comment