Monday, April 15, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း နိုင်ငံတကာ သံတမန်အဖွဲ့များနှင့်အတူ မန္တလေး သင်္ကြန်ပွဲတော် (အကြတ်နေ့) တွင် ပါဝင်ဆင်နွှဲ




နေပြည်တော် ဧပြီ ၁၅
          
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် ယနေ့ (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ သံတမန်အဖွဲ့ မိသားစုဝင်များနှင့်အတူ မန္တလေးမြို့၌ ကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီးသည် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး ဦးဆောင်သည့် နိုင်ငံတကာ သံရုံးများမှ သံတမန်အဖွဲ့များနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းအရုံးများမှ အကြီးအကဲများ၊ သံတမန်အဖွဲ့ မိသားစုဝင်များနှင့်အတူ မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုများအဖွဲ့၏ စတုဒိသာ ရေကစားမဏ္ဍပ်၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရေကစားမဏ္ဍပ်နှင့် မန္တလေးမြို့တော် မဟာသကြန် မဏ္ဍပ်များရှိ ရိုးရာသင်္ကြန်တေးသီချင်း၊ အက၊ အလှဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး ဒုတိယသမ္မတနှင့် သံတမန် အဖွဲ့များမှ သင်္ကြန်ပွဲတော်လာ ပရိသတ်များအား နှစ်သစ်ကူး အကြိုဆုတောင်း မေတ္တာပို့သကာ မန္တလေး လမ်းလျှောက် သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့ပြင် မန္တလေးအတာသင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် သံတမန်အဖွဲ့ဝင်များမှလည်း ရေကစားမဏ္ဍပ်များတွင် ရိုးရာသင်္ကြန် တေးသီချင်းများနှင့် တိုင်းရင်းသား တေးသီချင်းများကို သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်ဇနီးသည် မန္တလေးမြို့တော်ခန်းမတွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့်အတူ တက်ရောက်ချီးမြှင့်ခဲ့သည်။      

Ref; Myanmar President Office

No comments:

Post a Comment