Thursday, April 11, 2019

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဂျပန်နိုင်ငံမှ ယန်း သန်း ၃၂၀၀ ကျော်အကူအညီပေးမည့် စာချွန်လွှာ (၂) စောင် လက်မှတ်ရေးထိုး


နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ(၂)စောင် လက် မှတ်ရေးထိုးလဲလှယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးဦးဆက်အောင်၊ သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. IchiroMARUYAMA နှင့် ဂျပန်သံရုံး မှတာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးစက်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်း ကိရိယာများ ထောက်ပံ့ခြင်း စီမံချက်အတွက် ဂျပန်ယန်း (၄၄၄) သန်းနှင့် လေယာဉ်စောင့်ကြပ်ကြည့်ရှု စနစ် မြှင့်တင်ခြင်း စီမံချက်အတွက် ဂျပန်ယန်း (၂၈၂၈) သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro MARUYAMAတို့ကလက်မှတ်ရေးထိုးလဲလှယ်ကြသည်။
အဆိုပါစာချွန်လွှာများပါ အကူအညီပေးမည့် စီမံချက်များအား အကောင်အထည် ဖော်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက် အကူဖြစ်စေမည်ဖြစ်ပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment