ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်းနှင့် ပြည်ပရောက်
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး မင်္ဂလာရှိတဲ့နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး
ဘ၀ကိုအေးချမ်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဦးစွာဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
နှစ်ဟောင်းကုန်လို့
နှစ်သစ်သို့ ကူးပြောင်းတိုင်း နှစ်ဟောင်းမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှု များစွာ၊
ဘ၀သင်ခန်းစာများစွာကို အနာဂတ်အတွက် အခွင့်အလမ်းသစ်များ၊ အောင်မြင်ရေး နည်းလမ်းကောင်းများအဖြစ်
မှတ်ယူကာ ပြုပြင်စရာများကို ပြုပြင်ရင်း မှန်ကန်တဲ့ဘက်ကို ပြောင်းလဲစေမည့် အတွေးအမြင်သစ်များဖြင့်
ရဲဝံ့စွာပြုပြင် ပြောင်းလဲရင်း လှပသော အနာဂတ်အတွက် ကျွန်တော်တို့ ပြည်သူတစ်ရပ် လုံးနှင့်အတူ
ကြိုးစားဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ
နိုင်ငံသားအားလုံး၏ တူညီသောဆန္ဒဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး
ဖြစ်ပေါ်လာရေးအတွက် ဦးတည်လျှောက်လှမ်းရာမှာ ဥပဒေပြု ကဏ္ဍမှ လွှတ်တော်များအနေဖြင့် ပြည်သူသည်သာ
အခရာဖြစ်၍ ပြည်သူ့အသံကို အစဉ်နားစွင့်ရင်း ပြည်သူများ၏ လိုအပ်ချက်နှင့်ဆန္ဒကို သိနိုင်အောင်
အမြဲကြိုးစားကာ လူမှုစီးပွားဘ၀များ တိုးတက်စေရန် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့
အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်ရေး၊
ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော လွှတ်တော်များဖြစ်စေရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်
သွားမည်ဖြစ်ပါကြောင်း ကတိပြု ပြောကြားလိုပါတယ်။
နှစ်သစ်မင်္ဂလာ
သည်ချိန်ခါမှစ၍ နိုင်ငံသူ နိုင်ငံသားများ အားလုံးကလည်း တာဝန်ကိုယ်စီရှိကြသည်ဟု အစဉ်
နှလုံးသွင်းမှတ်ယူကာ မိမိတို့ကျရာကဏ္ဍမှ တာဝန်ကျေပွန်နိုင် ကြပါစေ၊ ဘာသာတရားတိုင်း၏ အဆုံးအမများနှင့်အညီ
ဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေ၊ ဆောင်ရွက်ဖွယ်ရာ ကိစ္စမှန်သမျှကို ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊
ပညာဆိုတဲ့ အောင်မြင်ခြင်းတရား (၄) ပါးနဲ့အညီ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
No comments:
Post a Comment