Thursday, April 18, 2019

မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘိုးဘွားသက်ကြီး ပူဇော်ကန်တော့ ပွဲအခမ်း အနားကျင်းပ


 
ရန်ကုန် ဧပြီ ၁၇
၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ယနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘိုးဘွား သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီးတို့က နှင်းဆီကုန်းဘိုးဘွား ရိပ်သာကြီးရှိ ဘိုးဘွားများအား နှစ်ဦးမင်္ဂလာအဖြစ် အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ဂါရ၀စကား ပြောကြားသည်။

ထို့နောက် နှင်းဆီကုန်းဘိုးဘွား ရိပ်သာကြီး၏ အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းက ကျေးဇူးတင် စကားပြောကြားပြီး တွဲဖက်အတွင်းရေးမှူး ဒေါက်တာဒေါ်ခင်တင့်က သက်ကြီး ဘိုးဘွားများနှင့် မိတ်ဆက်ပေးကာ သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ကန်တော့ ခံဘိုးဘွားများကိုယ်စား ဘိုးစိုးသိန်း ၉၀ နှစ်က ဆုတောင်းမေတ္တာပို့သခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘိုးဘွား သက်ကြီးငါးဦးအား ဂါရ၀ပြုအလှူငွေများ ပေးအပ်လှူဒါန်းပြီး ကျန်ဘိုးဘွားများအတွက် အလှူငွေများကို ဝန်ကြီးချုပ်က နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ရှိန် (ငြိမ်း)အား ပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးမှ ၂၀၁၉ ခုနှစ် သက်တော်ရှည်ဘိုးဘွား ငါးဦးအတွက် တစ်ဦးလျှင် အလှူငွေကျပ်ကျပ် တစ်သိန်းစီလှူဒါန်းခဲ့ပြီး ကျန်ဘိုးဘွားများ အတွက်တစ်ဦးလျှင် ငွေကျပ် ကျပ်တစ်သောင်းနှုန်း လှူဒါန်းခဲ့သည်။
နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး သည် သက်တမ်းအားဖြင့် ၈၆ နှစ်ရှိကာ အသက် ၇၀ ကျော် အဘိုးဦးရေ ၄၅ ဦး၊ အဘွားဦးရေ ၁၁၆ ဦးရှိပြီး စုစုပေါင်း ဘိုးဘွား ၁၆၁ ဦးကို ပြုစုထားလျက်ရှိသည်။ ထိုဘိုးဘွားများအနက် အဘိုး ၁၄ ဦး၊ အဘွား ၄၇ ဦး စုစုပေါင်း ဘိုးဘွား ၆၁ ဦးကို ဘိုးဘွားဆေးရုံ၌ ဆေးကုသပေးလျက်ရှိပြီး အသက် ၁၀၄ နှစ်ရှိ အဘွားတင်မြကိုလည်း ဆေးရုံ၌ ပြုစုထားလျက်ရှိသည်။
လက်ခံပြုစုထားသော ဘိုးဘွားများကို အာဟာရပြည့်ဝစေရန် နေ့စဉ် ဘိုးဘွားတစ်ဦးလျှင် ကယ်လိုရီ ၁၂၀၀ မှ ၁၅၀၀ အထိ ကျွေးမွေးပြုစုလျက်ရှိပြီး မကျန်းမာသော ဘိုးဘွားများကို နိုင်ငံတော်ဆေးရုံကြီးများသို့ တင်ပို့ ကုသပေး လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - ထိန်လင်း


No comments:

Post a Comment