Sunday, April 21, 2019

ဧပြီတတိယပတ်တွင် တစ်ကမ္ဘာလုံးကာကွယ်ဆေးထိုးခြင်း ရက်သတ္တပတ်ဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရန် တိုက်တွန်း


 
ရန်ကုန် ဧပြီ ၂၀
ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားလာသည်နှင့်အမျှ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများဖြစ်ပွား၊ သေဆုံးမှုတစ်နှစ်ထက်တစ်နှစ် လျော့ကျ လာသော်လည်း ရောဂါဝေဒနာများစွာ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ကာကွယ်ဆေးထိုးသောလုပ်ငန်းများအပေါ်၌ ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားမှု လျော့ကျမှုမရှိစေဘဲ ပိုမို မြှင့်တင်ပေးရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ တိုက်တွန်းနှိုးဆော်လျက်ရှိရာ ဧပြီလတတိယပတ်တွင် တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးခြင်း ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ ကလေးများအားလုံး ရောဂါကင်းဝေးစေလျက် ပြည်သူတစ်ရပ်လုံးပါဝင်နိုင်ရန် မီဒီယာရှင်းလင်းပွဲအခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မာကျူရီဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်မှ ရာနှုန်းပြည့်ကျခံမည်
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရည် အသွေးပြည့်မီသော ကာကွယ်ဆေး အမျိုးအစား ၁၁ မျိုးအား အသက်ငါးနှစ် အောက်ကလေးငယ်များကူးစက်ရောဂါကြောင့်ဖြစ်ပွား၊ သေဆုံးမှု မရှိစေရန် ကာကွယ်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် တွင် Rota virus vaccine နှင့် Human Papilloma virus vaccine ဆေး အသစ်နှစ်မျိုးဖြင့် ကာကွယ်ဆေး ၁၃ မျိုးကို ထိုးနှံသွား မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး၏တန်ဖိုးသည် ၂၀၁၈ ခုနှစ်အရ ကလေး တစ်ဦးအတွက် ၂၇ ဒေါ်လာကျရာ နိုင်ငံတော်မှ ကလေးတစ်ဦးလျှင် ခုနစ် ဒေါ်လာရည်မှန်း၍ ကလေးတစ်သန်း အတွက် အမေရိကန်ဒေါ်လာ ခုနစ်သန်း ကုန်ကျမည်ဖြစ်ပြီး ကာကွယ်ဆေးတန်ဖိုး ၏၂၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော Global Alliance for Vaccine Information (GAVI) မှ ၇၄ ရာခိုင်နှုန်း ကျခံ ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်နောက်ပိုင်း တွင် နိုင်ငံတော်မှ ရာနှုန်းပြည့်ကျခံ သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကျန်မာရေးကဏ္ဍအတွက် သုံးစွဲမှုနှင့် အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ် များအား ကာကွယ်ဆေး ထိုးနှံနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် ရာ၌ အခက်အခဲနှစ်ရပ် ရှိနေကြောင်း၊
လျှပ်တစ်ပြက်နည်းဗျူဟာ
နယ်မြေမငြိမ်းချမ်းသော ဒေသတို့ တွင် ကာကွယ်ဆေးထိုးနှံရန် အခက် အခဲနှင့် ပထဝီအနေအထားနှင့်အတူ ဘာသာစကား အခက်အခဲတို့ကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှု ၈၅ ရာခိုင်နှုန်း မကျော်သော ရှမ်းပြည်နယ်၊ ကရင်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့ မြင် ရမည်ဖြစ်ရာ လူဦးရေထူထပ်မှုမရှိ၍ ရောဂါကူးစက်ပျံ့နှံမှု အကန့်အသတ် ရှိသည့်အတွက် လျှပ်တစ်ပြက် သွား ရောက်ခြင်းနည်းဗျူဟာဖြင့် ရောက်ရှိ အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အခက်အခဲများ ကြားမှ ကလေးများအားလုံး ကာကွယ် ဆေးထိုးနှံနိုင်ရန် ကြိုးပမ်းဆောင်ရွက် ရာတွင် က္ဘာ့ကာကွယ်ဆေးထိုး ရက်သတ္တပတ်မှတစ်ဆင့် မိဘတိုင်း သတင်းစကားပါးနိုင်ကာ နိုင်ငံအတွင်းရှိ ကလေးများအားလုံး ရောဂါကင်းဝေးစေရန် သတင်းမီဒီယာများ အကူအညီဖြင့် ကာကွယ် ဆေးထိုးရက်သတ္တပတ်ကို ဆင်နွှဲကြပါစို့ ဟု ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရန် အသိပေး
ဝက်သက်နှင့် ဂျိုက်သိုးရောဂါ အတွက် ရန်ကုန်တိုင်းဒေသကြီး၏ လူဦး ရေအများဆုံးနှင့် ရောဂါဖြစ်ပွားမှုများ သော လှိုင်သာယာအပါအဝင် မြို့နယ် ခုနစ်မြို့နယ်အား စီမံချက်အနေဖြင့် ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၄ ရက်မှ ၃၀ ရက် အထိဆောင်ရွက်မည့် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံမှု ရက်သတ္တပတ်တွင်လည်း တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် ကြိုတင် အသိပေးခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်း ခြင်းဖြစ်သည်။
ဖြစ်ပွားလျက်ရှိ
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေနှင့် ကရင်ပြည်နယ်တို့ တွင် ပြောင်းရွှေ့နေထိုင်သူအများဆုံးရှိ နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း လူဦးရေ ၉၃ ရာခိုင်နှုန်းသည် ရွှေ့ပြောင်းနေထိုင်သူ များဖြစ်၍ ဝေးလံခေါင်ဖျားရာဒေသများ နှင့် နယ်မြေမငြိမ်းချမ်းသော နေရာတို့ တွင် နေထိုင်သူတို့ လူနေထူထပ်ရာနေရာ များသို့ ပြောင်းရွှေ့နေထိုင်ရာ၌ ရောဂါ ပိုးများ တွေ့ရှိလျက် ကူးစက်ရောဂါကို ရက်အနည်းငယ်အတွင်း ဖြစ်ပွားလျက် ရှိကြောင်း ရွှေ့ပြောင်းနေထိုင်မှုများရာမှ ရောဂါပျံ့နှံလာမှုကိုလည်း ယနေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ပူးပေါင်းပါဝင်နိုင်ရန် ကျင်းပခဲ့ခြင်းဖြစ်
ရောဂါကင်းဝေးခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးကို အထောက် အကူဖြစ်စေမည်ဖြစ်ရာ ကမ္ဘာတွင် တစ်နှစ်လျှင် ကလေးတစ်သိန်းရှစ်သောင်း ကာကွယ်ဆေးအပြည့်အဝ မရရှိသည့် အတွက် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ မကြာမီကျရောက်မည့် ကမ္ဘာ့ကာကွယ် ဆေးထိုးခြင်းရက်သတ္တပတ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန် အတွက် သတင်းမီဒီယာများမှတစ်ဆင့် မိဘပြည်သူများသိရှိ ပူးပေါင်းပါဝင် နိုင်ရန် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အခမ်းအနားမှ သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး

No comments:

Post a Comment