Friday, April 19, 2019

အာဆီယံအဆင့် သဘာဝအမွေအနှစ် မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော


 

မိန်းမလှကျွန်းသို့
၂၀၁၉ နှစ်ဦးပိုင်း ဇန်နဝါရီလက စာရေးသူသည် စာရေးဆရာကြီး ဒေါက်တာမြင့်သန်း (ညောင်လေးပင်) နှင့်အတူ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၏ ဖိတ်ကြားချက်အရ မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာ တိုးတက်ရေး ဟောပြောပွဲအတွက် ဘိုကလေးမြို့ကို ရောက်ရှိခဲ့ကြ သည်။
ဟောပြောပွဲအပြီးတွင် ဒီရေတော (ဂေဟစနစ်)အကြောင်း လေ့လာရန်အတွက် စာရေးသူတို့အား မိန်းမလှကျွန်းသို့ လိုက်ပါပို့ဆောင်ပေးသည်။
မိန်းမလှကျွန်းသို့ စပိဘုတ်စီးပြီး သွားခဲ့ကြရာ အသွားခရီးတွင် အချိန် သုံးနာရီခန့်ကြာခဲ့သည်။ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော (Flyway Site Network) ကို အရောက်သွား လေ့လာခဲ့ကြရာ လမ်းခရီးတွင် သိလိုသည် များကို အသေးစိတ် သေသေချာချာ ရှင်းပြပေးကြသူများအား များစွာကျေးဇူးတင်မိသည်။ စာရေးသူတို့ကလည်း စာအုပ် တစ်အုပ်ဖြင့် မှတ်သားခဲ့၍ ယခုဆောင်းပါးလေးကို ပြန်ရေးနိုင်ခဲ့ခြင်းဖြစ်သည်။
မိန်းမလှကျွန်း ဘေးမဲ့တော
မိန်းမလှကျွန်း ဘေးမဲ့တောကို ၁၉၉၄ ခုနှစ်က စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်အတွင်း တည်ရှိသည်။ ၃၃၇၇၆ ဧက (၅၂ ဒသမ ၇၈ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေနှစ်ခုဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်သည်။
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက ထုတ်ကုန်ဖြစ်သော ဆန်စပါး စိုက်ပျိုးရေးအတွက် လယ်ယာမြေများကို ပျက်စီးစေမည့် ပင်လယ်ရေငန်ဝင်ရောက်မှုကို ဟန့်တားကာကွယ်ပေးခြင်း၊ မြေပြို ရေတိုက်စားမှုကို ကာကွယ်ပေးခြင်း၊ နုန်းမြေပို့ချမှုကို ထိန်းသိမ်းပေးခြင်း၊ ဒုတိယ ထုတ်ကုန်ဖြစ်သော ရေထွက်သယံဇာတ ဖြစ်သည့် ရေသတ္တဝါများအတွက် ခိုလှုံပေါက်ဖွားရာ ဒီရေတောဖြစ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေး အတွက် အထောက်အကူပြုနိုင်မည့် ရေချိုရေငန်စပ် နယ်မြေဒေသတစ်ခု ဖြစ်သည်။
ရေချိုရေငန်စပ် ဂေဟစနစ်တွင် ပါဝင်သော ဒီရေတော၊ ရွှံ့နွံတော၊ မြက်ခင်းတော၊ သဲသောင် ပြင်တော စသည့် ဂေဟစနစ် မျိုးစုံကို မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၌ တွေ့ရှိရပြီး ဇီဝမျိုးစုံမျိုးကွဲများလည်း ကျင်လည်ကျက်စားလျက် ရှိသည်။ ရေချိုရေငန်စပ်မိကျောင်း (ခေါ်) ငမိုးရိပ်မိကျောင်းမျိုး (Crocodylus Porosus) ကို သဘာဝအတိုင်း ထိန်းသိမ်း ကာကွယ်ထားသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဧရိယာလည်း ဖြစ်ပေသည်။ ထို့အပြင် ဖျံများ၊ တောခွေးများ၊ တောဝက်များ၊ မျောက်များ၊ မြွေမျိုးစုံနှင့် ဒီရေတောငှက်မျိုးများလည်း ကျင်လည်ကျက်စား လျက်ရှိသည်။
ရမ်ဆာ ရေတိမ်ဒေသ
မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က လည်းကောင်း၊ ရမ်ဆာ ရေတိမ်ဒေသ (Ramsar Site) အဖြစ် ၂၀၁၇ ခုနှစ်ကလည်းကောင်း သတ်မှတ်ခံခဲ့ရသည်မှာလည်း နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်ခဲ့ပေသည်။
မိန်းမလှကျွန်း ရမ်ဆာဧရိယာဒေသအတွင်း၌ ကမ္ဘာပေါ်တွင် အလွန်ရှားပါသည့် ဒေသပြောင်း ဆောင်းခိုငှက်မျိုးများ ကျရောက် ကျက်စားခြင်းကြောင့်လည်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသည့် နေရာဒေသတစ်ခု ဖြစ်နေ၍ နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့် ထိန်းသိမ်းရမည့် ဘေးမဲ့တောတစ်ခုအဖြစ် သတ်မှတ်ပြီး ကာကွယ် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
မိန်းမလှကျွန်းနှင့် ဖူးခက်
စပိဘုတ်ဖြင့် လေကောင်းလေသန့်ကိုရှူရင်း မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသို့ သွားနေစဉ် ပဲခူးမြို့ရှိ ခင်ပွန်းဆီမှ ဖုန်းဝင်လာပါသည်။ ဖုန်းလိုင်းများလည်းမိနေ၍ ဝမ်းသာရသည်။ ခင်ပွန်းဖြစ်သူအား ခရီးစဉ်အကြောင်း ပြောပြရင်း ထိုင်းနိုင်ငံ ဖူးခက်ကျွန်းနှင့် ပတ်ဝန်းကျင်ရှိ ဒီရေတောများနှင့် မိန်းမလှကျွန်း ဒီရေတောများ အတော်ဆင်ကြောင်း ပြောပြနေရာမှ ဖူးခက်သို့ သွားရောက်ခဲ့စဉ်က အကြောင်းကို ပြန်တွေးမိသည်။
ဖူးခက်ကျွန်းတွင် လည်ပတ်ခဲ့စဉ်က ရေပေါ် စားသောက်ဆိုင်မှာ စာရေးသူတို့ စားကြသည်။ ပုစွန်ပေါသောနေရာဖြစ်၍ ပုစွန်တုပ်လှော်များအကြိုက်စားခဲ့ရသည်။ ဖူးခက်ကျွန်းမှ ရေပေါ်စားသောက်ဆိုင်သည် သစ်တုံးမျောကြီးများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီးဆိုင်ရှိ အလုပ်သမားများမှာလည်း မြန်မာအမျိုးသမီးများ ဖြစ်ကြရာ စာရေးသူတို့ ဈေးဝယ်ရာ တွင် မြန်မာလိုပင် ပြောပြီးဝယ်ခဲ့ကြသည်။ စာရေးသူက ဆူနာမီတုန်းက မကြောက်ဘူးလားဟုမေးရာ ကျွန်မ၏ သမီးအရွယ် အလုပ်သမားကောင်မလေးက ဒီဘက်အခြမ်းက သိပ်မထိခိုက် လိုက်ဘူး ဆရာမ၊ ဖူးခက်ကျွန်း ကုန်းပေါ် ပင်လယ်ကမ်းခြေနဲ့နီးတဲ့ နေရာတွေမှာ တော်တော်ဆိုးသွားခဲ့တာပါဟု ဖြေကြားပါသည်။
မိန်းမလှကျွန်း ကမ်းစပ်တစ်လျှောက်မှ ဒီရေတောများလိုပင် ဖူးခက်ကျွန်းမှာလည်း ဒီရေတောအပင်များ များပြားစွာရှိသည်။ ရေပေါ် စားသောက်ဆိုင်သည် ဒီရေတောအပင်များ ဖြစ်သည့် ဓနိပင်၊ လမုပင်၊ ပင်လယ်အုန်းနှင့် ဗြူး ခြေထောက်အပင်များ ရှိသည့် အကွေ့နေရာမျိုးတွင် ရွေးချယ်၍ ဆောက်လုပ်ထားခြင်းကြောင့် လည်း ဆူနာမီဖြစ်ပွားချိန်က ဘေးကင်းခဲ့ခြင်း ဖြစ်မည်ဟု စဉ်းစားမိသည်။ ဒီရေတောပင်များက ပင်လယ်ဒီလှိုင်းဒဏ်ကို ကာကွယ်ပေးနိုင်ကြောင်း ကျွန်မတို့ကို လက်တွေ့ပြလိုက်နိုင် ခြင်းလည်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံမှ မိကျောင်းမွေးမြူရေး
ခရီးစဉ်အတွင်း ဖူးခက်ကျွန်းနှင့်တူကြောင်း သတိရမိသလို မိကျောင်းမွေးမြူရေးစခန်းများ ရှိသည့် ကမ္ဘောဒီးယားခရီးစဉ် ကိုလည်း သတိရ မိပါသေးသည်။ ကမ္ဘောဒီးယားတွင် မိကျောင်းမွေးမြူရေးစခန်းသို့ သွားလေ့လာသောအခါ ဝင်ကြေးများ ပေးပြီး ဝင်ရောက်လေ့လာခဲ့ကြရသည်။
ကျွန်မတို့နိုင်ငံမှ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောက ကမ္ဘောဒီးယားထက် ပိုလှပါသည်။ ယခုလိုနေရာမျိုးကို ပြည်ပမှ ခရီးသွားဧည့်သည်များ ပို၍ကြိုက်နှစ်သက်နိုင်သည်။ ကမ္ဘောဒီးယား တွင် နိုင်ငံခြားသား ခရီးသွားများ ညအိပ်ခရီး လာကြပြီး လသာသည့်ညများတွင် မိကျောင်းများ မြူးတူးနေကြသည့်ပုံများကို မှန်ပြောင်းများဖြင့် ကြည့်ကြသည်ကို သိရှိရခဲ့ရသည်။ မိန်းမလှကျွန်း တွင် တည်းခိုနေထိုင်ရန် အဆောက်အအုံများရှိသော် လည်း ယခုထက် ပိုမိုကောင်းမွန်အောင် နိုင်ငံတော်က ဆောင်ရွက် ပေးနိုင်လျှင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့ထက် မြန်မာနိုင်ငံ က ပို၍လှပသာယာသည်ကို သိကြပြီး ခရီးသွားဧည့်သည်များ ပို၍ဝင်လာခြင်းကြောင့် ဝင်ငွေ ပိုမိုတိုးပွားနိုင်မည်ဟု တွေးမိသည်။
ဒေသထွက်ပုစွန်ခြောက်
မိန်းမလှကျွန်းသို့ရောက်သည့်အခါ ကင်းစခန်းများတွင် ကျွန်မတို့ တည်းခိုခဲ့ပြီး မုန်တိုင်းဒဏ်ခံ အဆောက်အအုံများလည်း ရှိသည်။ စက်တပ်လှေများ ငှားရမ်းနိုင်ကာ ဒေသခံလမ်းပြများ ထားရှိပေး ထားပြီး လေ့လာရေးအတွက် အထူး ဆောင်ရွက်ထားသည်။ ဒီရေတောပျိုးပင်များ ပျိုးစခန်းတွင် စက်လှေကိုခေတ္တရပ်ပြီး လေ့လာခဲ့ကြရာ ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်း ထားသည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံများ၊ လူ ၅၀၀ ခန့် ဝင်ဆံ့သည့် အဆောက်အအုံများကို တွေ့ရှိခဲ့ရသည်။
ရေထွက်အစားအစာ ပေါများသည့်ဒေသမို့ ပုစွန်ခြောက်အကောင်ကို ကြက်သွန်နီများဖြင့် သုတ်ကျွေး၍ ဧည့်ခံကြရာ အုန်းစိမ်းရည်နှင့် ပုစွန်ခြောက်အကောင်သုတ်များကို အားပါးတရ စားသောက်ခဲ့ကြ ရသည်။ မြို့ကြီးပြကြီးများတွင် ပုစွန်ခြောက် တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀ ခန့် ဖြစ်နေချိန်တွင် မိန်းမလှကျွန်းမှာ ပုစွန်ခြောက် ဖောဖောသီသီ စားနေကြရ ၍ အားကျမိသော် လည်း ကျန်အစားအသောက်များမှာမူ ရှားပါး နေပြန်သည်။
မျောက်တစ်ရာဘုရား
လမ်းခရီးတွင် စက်လှေကို ခေတ္တရပ်၍ ဦးနု တည်ခဲ့သည့် မျောက်တစ်ရာဘုရားကို ဝင်ဖူးခဲ့ကြသည်။ ဘုရားကြီးသည် ဒေသအတွင်း တန်ခိုးကြီး ဘုရားဖြစ်ပြီး တပေါင်းလတွင် ပွဲတော်ရှိကြောင်း၊ ပွဲတော်ရက်များတွင် စက်လှေ၊ လက်လှော်လှေ များဖြင့် လာရောက်၍ ဘုရားဖူးကြသည်မှာ ခြိမ့်ခြိမ့်သဲဖြစ်ကြောင်း သိရသည်။
မိန်းမလှကျွန်းသည် ပုစွန်ဖမ်းခြင်း၊ ငါးဖမ်းခြင်းဖြင့် အသက်မွေးသည့် အရပ်ဒေသဖြစ်၍ ငါးဖမ်းကြသူများမှာ စက်လှေများ ပေါ်တွင်ပင် ချက်ပြုတ်စားသောက်ကြသည်။ စက်လှေကို ကျောက်ချပြီး စက်လှေပေါ်တွင် မီးသွေးမီးဖိုဖြင့် ထမင်းအိုး တည်နေသည့် အမျိုးသမီးတစ်ဦးကို အုပ်ချုပ်ရေးမှူးက စက်လှေက ဒီဇယ်လား၊ ဓာတ်ဆီလား၊ အားလုံး ဒုက္ခရောက် လိမ့်မယ်ဟု လှမ်းပြောသည်။
အသိပညာပေးလုပ်ငန်းများ
အုပ်ချုပ်ရေးမှူးက စက်လှေပေါ်မှတစ်ဆင့် မြစ်ကမ်းနားမှ အိမ်သာများကိုလည်း ညွှန်ပြရင်း စက်လှေရဲ့ မီးစက်ဘေးနားမှာ ထမင်းအိုးတည်နေလို့ အသိပညာပေးရတာတစ်မျိုး၊ ရေဆိုးနဲ့ ရေသန့်အကြောင်း စကားပြော အသိပညာပေး ရတာတစ်မျိုး၊ မလွယ်ဘူး ဆရာမရေ၊ မိကျောင်း နဲ့ပတ်သက်ပြီး မိကျောင်း အန္တရာယ်ကိုလည်း သတိပေး အသိပညာပေးရတယ်၊ လက်ကမ်း စာစောင်တွေလည်း လစဉ်ပေးရတယ် ဆရာမ ရေဟု ပြောပြသဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းတွေ အဖို့ တာဝန်တော်တော်များများကို ထမ်းဆောင် နေရပါလားဟု အသိအမှတ်ပြု လေးစားချီးကျူး မိသည်။
မိန်းမလှကျွန်းဆီသို့ခရီးမှာ လေတဖြူးဖြူး၌ စပိဘုတ်စီးရင်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ ရှင်းပြမှုများကို စိတ်ဝင်တစား နားထောင်နေကြသည့် ကျွန်မတို့ စာရေးဆရာနှစ်ဦးမှာ ဒီရေတော ဂေဟစနစ်၏ အကျိုးကျေးဇူးတွေကို များစွာ သိခဲ့ရသည်။
မိန်းမလှကျွန်း တောရိုင်းတိရ္ဆာန်ဘေးမဲ့တော သို့ ခရီးစဉ်အတွင်း ကျွန်မအနေဖြင့် ဗဟုသုတ များစွာရရှိခဲ့ပြီး မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း လာရောက်လေ့လာစေချင်မိပါသည်။ မိမိနိုင်ငံ၏ သဘာဝရေမြေတောတောင်တို့သည် သဘာဝ အလှစစ်များ ဖြစ်သည်။ အတုအယောင် ဖန်တီးမှုကင်းသည့် အလှစစ်များဖြင့် တည်ရှိနေသည့် စာရေးသူတို့ မြန်မာနိုင်ငံ တွင် သဘာဝ အမွေအနှစ် (Natural Heritages) များ များစွာ တည်ရှိနေပါသည်။
အာဆီယံဒေသအတွင်းရှိ နိုင်ငံများအလိုက် သဘာဝထိန်းသိမ်းရေးနယ်မြေများကို ကမ္ဘာ့ အဆင့်မီ ဆောင်ရွက်နိုင်ရေး အတွက် ပထမအဆင့် အနေဖြင့် အာဆီယံအဆင့် သဘာဝအမွေအနှစ် ဥယျာဉ်များကို အာဆီယံ သဘာဝပတ်ဝန်းကျင် ဝန်ကြီးများအစည်းအဝေးမှ ၂၀၀၃ ခုနှစ်က အတည်ပြုခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် မြန်မာနိုင်ငံမှ အာဆီယံ အမွေအနှစ်ဥယျာဉ် ခြောက်ခု အတည်ပြု သတ်မှတ်ခြင်းခံခဲ့ရသည့် အထဲတွင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။
၁၆ နှစ် သမီးပျို
သို့ဖြစ်ရာ ယခု ၂၀၁၉ တွင် အာဆီယံအဆင့် သဘာဝအမွေအနှစ် မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် ၁၆ နှစ် သမီးပျိုလေးကဲ့သို့ အားမာန်ဝင့်ဝင့် အလှတွေ ဆင့်ကာဆင့်ကာဖြင့် မိခင်မြန်မာပြည်ကြီး၏ အားထား အားကိုးရ မည့် သမီးပျိုတစ်ဦး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။
ဝတ်ရည်ခင်(ပဲခူး)

No comments:

Post a Comment