နေပြည်တော် ဧပြီ ၁၈
ကျောင်းသားလူငယ်ထုအတွင်းဆေးလိပ်၊
အရက်နှင့် မူးယစ်ဆေး ကင်းဝေးရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော ဘ၀နေထိုင်မှုပုံစံ
များ ကျင့်သုံးလာရေးအတွက် အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန်
လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ
ကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေးအန္တရာယ်ကင်းစင် ပပျောက်ရေး၊
ဆေးလိပ်သောက်သုံးမှု ကင်းစင် ပပျောက်ရေး၊ အရက်သေစာ သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊
ကျောင်းသား ထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံများ လိုက်နာ ကျင့်သုံးဆောင်ရွက်ရေး၊
ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် တို့ကြောင့် ထိခိုက် ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊
ကျောင်းသားလူငယ်များကို မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတ များကို
ထည့်သွင်းသင်ကြား ပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်
ရေးကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး
ဌာနတို့ဆက်လက်ပူးပေါင်း၍ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရန်အတွက်
လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးအား အဆိုပါ ကိစ္စရပ်များကို
အောင်မြင်ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး
ဆွေးနွေးအကြံပြုသွားကြရန် ဖြစ်ပါကြောင်း။
လုပ်ငန်းများ
အောင်မြင်ထိရောက် စေရန်အတွက် ဆရာ ဆရာမများ သမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများ၏ အခန်း ကဏ္ဍသည်
အရေးကြီး သဖြင့် ပါဝင်ဆောင်ရွက် စေရမည် ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့်
ဘ၀တစ်သက်တာ သိမှတ်ဖွယ်ရာ သင်ခန်းစာ များတွင် ကျန်းမာရေးဆိုင်ရာ
အသိပညာဗဟုသုတများကို ထည့်သွင်း သင်ကြားပေးလျက်ရှိ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတော်၏ အနာဂတ်
ဖြစ်သော တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၉ ဒသမ ၇) သန်း ခန့်ရှိသည့်
ကျောင်းသားအရွယ်လူငယ်များ ကျန်းမာရေး အသိပညာဗဟုသုတ ကြွယ်ဝကာ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာနေထိုင်
စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်း အားဖြင့် ကျောင်းသားလူငယ် အချင်းချင်းသာမက
၎င်းတို့၏ မိဘဆွေမျိုးများ၊ မိတ်ဆွေ များကိုပါ ကျန်းမာရေး အသိပညာနှင့် အလေ့အကျင့်များ
ဆင့်ပွားဝေမျှပေးနိုင်မည်ဖြစ်ကာ ပိုမိုကျန်းမာ သန်စွမ်းလာမည် ဖြစ်ပါကြောင်း။
ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
လမ်းညွှန်မှာကြားခဲ့သည့် လုပ်ငန်းများ အောင်မြင်ရန်မှာ ကျောင်းကျန်းမာရေးဌာနခွဲ ၏
အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့်
မြို့နယ်အဆင့် ကျောင်း ကျန်းမာရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆန်းစစ်သုံးသပ်မှုများ
ပြုလုပ်ကာ အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသိပညာ
မြှင့်တင်ရေးဌာနခွဲ၏ အခန်းကဏ္ဍမှာလည်း အရေးကြီး ပါကြောင်း၊ အားကစား လေ့ကျင့်
ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာသုံးစွဲမှုများ
လျော့နည်းပပျောက် လာမည် ဖြစ်သဖြင့် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ခြင်း
ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်သွားလျက် ရှိပါ ကြောင်း၊ ဆေးလိပ်၊ အရက်နှင့်
မူးယစ်ဆေးဝါးများအား ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပညာရေး
ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အပြင် ပြည်ထဲရေး
ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီများနှင့်
အခြားဆက်နွယ် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ဆောင်ရွက်မှု များသည် အရေးကြီး
ပါကြောင်း။
လုပ်ငန်းများ ဆောင်ရွက်ရာတွင်
ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွား ရန်ဖြစ်ပြီး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သည့် ပံ့ပိုးဆောင်ရွက်မှုများကို
ပေးအပ်သွား မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်မှုကို
စောင့်ကြည့်ဆန်းစစ်ခြင်း လုပ်ငန်းများကိုလည်း တစ်ပါတည်း ဆောင်ရွက်သွားရန်
ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့
တက်ရောက်လာကြသည့် ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုခဲ့ကြသည်။
ယင်းနောက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment