Tuesday, April 9, 2019

မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကောင်စီ အဖွဲ့ဝင်များ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဧပြီ ၉
မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ အဖွဲ့ဝင်များ၏ ပထမအကြိမ်အစည်းအဝေး (၁/၂၀၁၉)ကို ယမန်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အိုလံပစ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီဥက္ကဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ် ငယ်စဉ်ကာလကတည်းက အားကစားကို လေ့ကျင့်လိုက်စား ဆောင်ရွက်ကြစေရေးအတွက် အားကစားကို ကျောင်းသင်ရိုး ညွှန်းတမ်းများတွင် ထည့်သွင်းပြီး မဖြစ်မနေ လေ့ကျင့်သင်ကြား စေရေး၊ ကျောင်းများတွင် ကာယလေ့ကျင့်မှု နည်းပြများကို ခန့်အပ်တာဝန် ပေး၍ ကျောင်းသား/ကျောင်းသူများကို သင်ကြားလေ့ကျင့်ပေးနိုင်ရေး ကိစ္စရပ်များသည် အရေးကြီးလို အပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်း၍ အမျိုးသား အဆင့် ကာယပညာဆိုင်ရာ ဆွေးနွေး နှီးနှောဖလှယ်ပွဲကြီးကိုလည်း မကြာမီကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ပုံမှန်ကျင်းပသွားခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာသန်စွမ်းခြင်းနှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက် လာခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ အားကစား သမားကောင်းများ ပေါ်ထွန်းခဲ့သည့်အစဉ်အလာကောင်းများ ရှိသဖြင့် ထိုသို့ အားကစားသမားကောင်းများ ပိုမိုပေါ်ထွန်းလာရေး ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားကြရန်ဖြစ်ပါ ကြောင်း၊
ဝန်ကြီးဌာနအသီးသီး၊ ရုံးဌာနအသီးသီး၊ စက်ရုံ၊ အလုပ်ရုံများ၊ ကျောင်းများ၊ တက္ကသိုလ်များတွင် သင့်တော်ရာ ကိုယ်လက် လှုပ်ရှားအားကစား လေ့ကျင့်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးကိုလည်း စနစ်တကျ လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက် သွားကြရန်ဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များ၏ ဆောင်ရွက်မှု များကို စနစ်တကျ လေ့လာဆန်းစစ်ပြီး စွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်လာစေရန် ထောက်ပံ့ပေးသွား မည်ဖြစ်ပါကြောင်း၊ အားကစားလောကတစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍပေါင်းစုံမှ စနစ်တကျ ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ အတွင်းရေးမှူး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့က အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်လွင်တို့က ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆွေးနွေးအကြံပြု ချက်များကို ဆွေးနွေး ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ မွန်းလွဲပိုင်းတွင် သိင်္ဂဟဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ US CDC ၊ USAID ၊ U.S President''s Malaria Initiative ၊ World Bank Group ၊ ADB ၊ URC တို့၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သည့် “ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ကွင်းဆင်းဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ (၉) လသင်တန်း (၇/၂၀၁၈-၄/၂၀၁၉)၏ သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား/သူများ၏ ကိုယ်စား သင်တန်းသား/သူ (၂) ဦးက ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျေးလက်တောရွာများတွင် ရေချို ခရုမှတစ်ဆင့် ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) ဖြစ်ပွားမှုအခြေအနေ ဆိုင်ရာ ကွင်းဆင်း သုတေသနပြုလုပ်ခဲ့မှုနှင့် တွေ့ရှိရသော ရလဒ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများ သင်တန်းကာလတစ်လျှောက်လုံး ဆောင်ရွက်ထားမှု မှတ်တမ်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြောင်းသိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment