နေပြည်တော် ဧပြီ ၁၀
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊
ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ ရိတ်သိမ်းချိန်လွန် နည်းပညာဌာနသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ
လယ်ယာကဏ္ဍဆိုင်ရာ ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်လေ့လာ ကြကြောင်းသိရသည်။
ရှေးဦးစွာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ
ရဲမြင့်ဆွေ၊ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ
ဝန်ကြီးများ ပါဝင်သော အဖွဲ့သည် ရိတ်သိမ်းချိန်လွန် နည်းပညာဌာန ပြခန်းတွင်
ခင်းကျင်း ပြသထားသော စိုက်ပျိုးရေး ထွက်ကုန် တန်ဖိုးမြင့် ကုန်ချောပစ္စည်းများအား
ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရိတ်သိမ်းချိန်လွန်
နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဆောင်ရွက်ခြင်း၊ သုတေသနရလဒ်များကို အသုံးချနည်းပညာအဖြစ်ဖြန့်ဝေ
ပေးခြင်း၊ ယင်းနည်းပညာများအား လိုက်နာဆောင်ရွက်ခြင်းဖြင့် သီးနှံများရိတ်သိမ်းပြီး
နောက်ဆက်တွဲ လုပ်ငန်းစဉ်များတွင် လေလွင့်ဆုံးရှုံး မှုများလျော့ချပေးနိုင် မည်ဖြစ်ကာတောင်သူ့ဝင်ငွေတိုးတက်လာစေမည်
ဖြစ်သကဲ့သို့ ရိတ်သိမ်းချိန်လွန် နည်းပညာအခြေခံ၍ ဈေးကွက်လိုအပ်ချက်နှင့်
တောင်းဆိုမှုများ ဖြည့်ဆည်းမြှင့်တင်ပေးခြင်းဖြင့် ပြည်ပဈေးကွက်အထိ ထိုးဖောက်လာနိုင်မည်ဖြစ်ရာ
ဈေးကွက်အကျိုးအမြတ်လည်း ပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရိတ်သိမ်း ချိန်လွန် နည်းပညာဌာနဖြစ် ပေါ်လာ
ပုံနှင့် စီမံကိန်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအား
မရိတ်သိမ်းခင်နှင့် ရိတ်သိမ်း ပြီး နောက်ပိုင်း အဆင့်ဆင့် လုပ်ဆောင်သည့် အအေးခံခြင်း
၊ ဆေးကြောသန့်စင်ခြင်း၊ ရေနွေးငွေ့ဖြင့် အပူပေးခြင်း၊ သိုလှောင်ခြင်း၊
ထုတ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းစဉ်အလိုက် သီးနှံ၏ အရည်အသွေးအပေါ်
အကျိုးသက်ရောက် မှုများကို သုတေသန ပြုဆောင်ရွက်၍ အလေ အလွင့်ဆုံးရှုံးမှုအားအနည်းဆုံး
လျော့ချခြင်းဆိုင်ရာများကို လည်းကောင်းရှင်း လင်း တင်ပြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး၊
ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာ ကဏ္ဍဆိုင်ရာဝန်ကြီးများသည်
ရိတ်သိမ်းချိန်လွန် နည်းပညာဌာနရှိသုတေသန ဓါတ်ခွဲခန်းများအား လှည့်လည်ကြည့်ရှုလေ့
လာကြရ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကရှင်းလင်း ပြသကြသည်။
၂၀၁၈ခုနှစ်၊ မေလ
၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သောရိတ်သိမ်းချိန်လွန် နည်းပညာဌာနသည်
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ
(KOICA)၏ ကူညီထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
စိုက်ပျိုးရေး ဦးစီးဌာနက အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ရိတ်သိမ်းချိန်လွန်
ဇီဝကမ္မဗေဒ ဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းနည်း ဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန်
ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်း နည်းပညာ ဓါတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန်
အင်ဂျင် နီယာပညာ ဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် ပြုပြင်မွမ်းမံခြင်းဓာတ်ခွဲခန်း၊
သီးနှံအရည် အသွေးနှင့် ပိုးမွှား ကင်းစင်မှုဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန်
နည်းပညာပေးရေးဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် ဈေးကွက် နှင့် သတင်းအချက်အလက်
ဆိုင်ရာဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် စီမံချက်ရေးဆွဲရေးနှင့်အကဲဖြတ်
သုံးသပ်ရေးဓာတ်ခွဲခန်း၊ ရိတ်သိမ်းပြီး ထွက်ကုန်များအား ကနဉီးပြုပြင်မွမ်းမံသည့်
အလုပ်ရုံတို့ဖြင့် ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်
ပူးပေါင်းဆောင်ရွက်မည့်သူများအား ဖိတ်ကြားခြင်း၊ တောင်သူလက်တွေ့နယ်ပယ်
ဆောင်ရွက်ပုံနှင့် ဈေးကွက်ရောင်းဝယ် ဖောက်ကားမှု နည်းစနစ်များ လေ့လာခြင်း၊
သုတေသနတွေ့ရှိချက် ရလဒ်များနှင့် နည်းပညာများကို ရိတ်သိမ်းချိန်လွန်
နည်းပညာသင်တန်းကျောင်း (ထုံးဘို)နှင့် ချိတ်ဆက်ပြီးဖြန့်ဝေခြင်း တို့ကို
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment