Monday, April 22, 2019

သိန္နီမြို့နယ်နှင့် မူဆယ်မြို့နယ်များအတွင်း စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်


 
နေပြည်တော် ဧပြီ ၂၂
ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်းနှင့်အတူ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုများသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှု အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ စိုက်ကွင်းများအား မျက်ခြေမပြတ် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျွမ်းကျင်ပညာရှင် များ၏ အကူအညီရယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက် ကြစေလိုကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူက ပြောသည်။

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ အောင်မင်္ဂလာခန်းမတွင် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်သောမိုးသီးနှံများ (FAW) ငမြှောင် တောင် ကာကွယ်နှိမ်နှင်းရေးအတွက် သွင်းအားစု ပံ့ပိုးပစ္စည်း များထောက်ပံ့ပွဲနှင့် (G.A.P) လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆေးဖျန်းပုံးနှင့် ဆေးဖျန်းဝတ်စုံများနှင့် ရှမ်းပြည်နယ် စိုက်၊ မွေး၊ ဆည်ဝန်ကြီး ဦးစိုင်းလုံကျော်က ပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ဆက်လက်၍ C.P ကုမ္ပဏီမှ လှူဒါန်းသောအစေ့ထုတ် ပြောင်းမျိုးစေ့များနှင့် ဓာတ်မြေဩဇာများကို အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်ကလည်းကောင်း၊ (G.A.P) အသိအမှတ်ပြု လက်မှတ်များကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းကလည်းကောင်း ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
ရှမ်းပြည်နယ်သည် ပြောင်းသီးနှံ အများဆုံးစိုက်ပျိုးသည့် ဒေသဖြစ်ပြီး ၂၀၁၈ မိုးရာသီတွင် ပြောင်းစိုက်ဧက (၇၀၀၀၀၀) ခန့်ရှိခဲ့သည်။ စပါး၊ နှံစားပြောင်း၊ ကြံ၊ ဟင်းသီး ဟင်းရွက်သီးနှံများ အပါအဝင်သီးနှံမျိုးစိတ် (၈၀) မျိုးခန့်မှာ ကျရောက်နိုင် သည့် ဖောငမြှောင်တောင်သည် ပြောင်းဖူးကို ပိုမိုနှစ်သက်သည့် အားလျော်စွာ မြန်မာနိုင်ငံအနှံ့ရှိ ပြောင်းဧက (၁၃၀၀၀၀) မှာ ကျရောက်ဖျက်ဆီးခဲ့ကြောင်း၊ “ဖော” ငမြှောင်တောင် ကျရောက် ဖျက်ဆီးမှု အားသီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်များရှိသီးနှံ ကာကွယ်ရေးနှင့် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများမှ အချိန်မှီကွင်းဆင်းပြီး ကာကွယ်နှိမ်နင်းခြင်း၊ ပညာပေးဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဥမြုံနှင့် လောက်ကောင်များ ကောက်ယူ၍ ဖျက်ဆီးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည့်နည်းတူ ဖောငမြှောင်တောင် ကျရောက်သည့်ဒေသများသို့ ဓာတုပိုးသတ်ဆေးများ၊ နည်းပညာများ ထောက်ပံ့ပေးခဲ့ပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မူဆယ်မြို့နယ် ရွှေလီရတနာ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ခြင်း လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်ရန်၊ မြစိမ်းရောင်ကျေးရွာ (အသားကဏ္ဍ) များ ဆက်လက်ဖော်ဆောင်ရန်၊ နယ်စပ်ဒေသတွင် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ထမ်းအင်အားဖြည့်တင်းသွားရန်၊ နယ်စပ်ဂိတ်ပေါက်များမှ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင် ဝင်ရောက်မှု ကာကွယ်တားဆီးခြင်းအား ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်အနီးရှိ "နမ္မတူမိသားစု နို့စားနွားမွေးမြူရေးခြံ" သို့ သွားရောက်၍ နို့စားနွားနှင့် နို့စားကျွဲ မွေးမြူထားရှိမှုများနှင့် မြက်ချဉ်ဖတ်ပြုလုပ်ထားရှိမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး ဓာတ်ခွဲခန်း၊ အပင်ပိုးမွှားဓာတ်ခွဲခန်းနှင့် Plant Quarantine တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ရှင်းလင်းပြသသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဓာတ်ခွဲခန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်များ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment