ဒို့များရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ
သဘာဝသစ်တောများ၊ သဘာဝ အားဖြင့် ဖြစ်ပေါ်နေကြတဲ့ ချောင်း မြောင်းတွေ၊ မြစ်တွေ၊ တောတောင်တွေ၊
သတ္တုတွင်းတွေ၊ အထူးသဖြင့်တော့ စေတီပုထိုး၊ ကျောင်းကန်ဘုရားတွေနဲ့ လှပတဲ့ နိုင်ငံတစ်ခု
ဖြစ်ပါတယ်။ လှပတဲ့နိုင်ငံတော်မှာ နေကြ တဲ့ ဒို့မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ အထူးသဖြင့်
တိုင်းရင်းသား၊ တိုင်းရင်းသူ၊ ညီအစ်ကိုေ
မာင်နှမတစ်တွေ လှပတဲ့ စိတ်ဓာတ် တွေကို မွေးနိုင်ကြပါစေလို့
နှစ်ဟောင်းကိုလည်း နှုတ်ဆက်တဲ့ အနေနဲ့ ဒို့များ ဆုတောင်းတယ်၊ နှစ်သစ်ကိုလည်း ကြိုဆိုတဲ့
အနေနဲ့ လှပတဲ့ နိုင်ငံမှာနေကြတဲ့ လူအပေါင်းဟာ လှပတဲ့ စိတ်ဓာတ်များ မွေးနိုင်ကြပါစေလို့
ဆုတောင်းတယ်။ လှပတဲ့ စိတ်ဓာတ်တွေကို မွေးမြူနိုင်ကြမှ ဒီနိုင်ငံတော်ကို ပိုပြီးတော့
လှပအောင် ဖန်ဆင်းတည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။
ဂေါသိင်္ဂဥယျာဉ်ကြီးထဲမှာ အရှင်အနုရုဒ္ဓါရယ်၊
အရှင် နန္ဒိယရယ်၊ အရှင် ကိမိလရယ် ရဟန္တာကြီး သုံးပါးတို့ သီတင်း သုံးနေကြတုန်းက မြတ်စွာဘုရား
ကြွလာပြီးတော့ ဂေါသိင်္ဂ ဥယျာဉ်ကြီး သိပ်လှတယ်။ ပင်လုံးကျွတ်ပွင့်နေကြတဲ့ အပွင့်တွေက
လှနေကြတယ်။ ဒါပေမယ့် ပိုလှတာကတော့ ငါ့ရဲ့ တပည့်သား သာဝကကြီးသုံးပါးတို့ နေထိုင်ကြတဲ့အတွက်
ကြောင့် ပိုလှတယ်လို့ ထင်တယ်။ ဒီလောက်လှနေတဲ့ ဂေါသိင်္ဂ ဥယျာဉ်ကို ပိုပြီးတော့ လှပအောင်
သင်တို့ ဘယ်လိုများ တန်ဆာဆင်ထားကြသလဲလို့ မေးတော့ မထေရ်ကြီးသုံးပါးတို့က မြတ်စွာဘုရားကို
ဖြေကြတယ်။ သာမဂ္ဂီစိတ်ထားနဲ့ တန်ဆာဆင်ထား ကြတယ်ဘုရား။
သာမဂ္ဂီဆိုတာ ညီညွတ်ရေးပဲ။ ခေတ်လိုပြောရင်တော့
တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးပဲ။ လွတ်လပ်ရေးကို အရယူတုန်းက စည်းလုံးညီညွတ်ရေးနဲ့
အရယူခဲ့တာ။ ဒီလွတ်လပ်ရေးကို ထိန်းသိမ်းတဲ့ အခါမှာလည်း စည်းလုံး ညီညွတ်ရေးနဲ့ပဲ ထိန်းသိမ်းကြရမယ်။
နိုင်ငံတော်ကို လှပအောင် တည်ဆောက်တဲ့ နေရာမှာလည်းပဲ စည်းလုံးညီညွတ် ရေးနဲ့ တည်ဆောက်ရမှာ
ဖြစ်တယ်ဆိုတာကို ကြားညှပ်ပြီး တော့ ဒို့များ ပြောလိုတယ်။
ဂေါသိင်္ဂဥယျာဉ်ကြီး ဘယ်လို ညီညွတ်ရေးနဲ့
တန်ဆာဆင် အလှပြင်ထားကြသလဲလို့ မြတ်စွာဘုရားမေးတော့ -- တပည့်တော်တို့တစ်တွေဟာ ဂေါသိင်္ဂဥယျာဉ်ကြီးထဲမှာ
တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်သော မျက်လုံးအစုံတို့ဖြင့် ကြည့်၍လည်း နေကြတယ်ဘုရား။ ညီညွတ်သော
စိတ်ဓာတ် ဆိုတာ နို့နဲ့ ရေနဲ့ ရောသလို ရောနှောပြီးတော့ နေကြတယ် ဘုရား။ ရေနဲ့ ရေချင်း
ရောရင် ပြန်ခွဲလို့ မရသလိုပဲ၊ နို့နဲ့ရေနဲ့ ရောရင်လည်း ပြန်ခွဲလို့ မရဘူး။ ဆီနဲ့ ရေနဲ့သာ
ရောရင်တော့ ဘယ်ပုံးထဲ ဘယ်ခွက်ထဲပဲ ထည့်ထားထား၊ ရောတယ်လို့ ပြောကြရုံပဲ၊ ဆီတစ်ထပ် ရေတစ်ထပ်
နေကြမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် တပည့်တော်တို့ ညီနောင် သုံးပါး
ဂေါသိင်္ဂ ဥယျာဉ်ကြီးကို နို့နဲ့ ရေနဲ့ ရောသလို ညီညီညွတ်ညွတ် ရောရော နှောနှော ချစ်ချစ်ခင်ခင်
ကွဲပြားခြင်းမရှိ ခိုက်ရန်ဖြစ်ခြင်းမရှိ၊ အငြင်းပွားခြင်းမရှိဘဲနဲ့ ချစ်ခင်ညီညွတ်သော
စိတ်ဓာတ်နဲ့ အလှပြင် တန်ဆာဆင်ထားကြတယ်ဘုရားလို့ လျှောက် တော့ မြတ်စွာဘုရားက သာဓုခေါ်တယ်။
နောက် ချစ်သားတို့တစ်တွေ ဂေါသိင်္ဂဥယျာဉ်ကြီး
အလှပြင်ပုံကို ဆက်၍လျှောက်ကြဦးလော့လို့ ပြောတော့ တပည့်တော်တို့တစ်တွေဟာ အလိုဆန္ဒ စိတ်ဆန္ဒတွေကို
လျှော့ထားပြီးတော့ အတူနေ ပုဂ္ဂိုလ်တို့ရဲ့ အလိုဆန္ဒ ပြည့်အောင် ဖြည့်စွက်၍ နေကြတယ်ဘုရားလို့
လျှောက်ကြတယ်။ ဥပမာ အရှင်အနုရုဒ္ဓါသည် သူ့စိတ်ကို လျှော့ထားပြီးတော့ အရှင်နန္ဒိယနဲ့ အရှင်ကိမိလတို့
အလိုပြည့်အောင် နေပေးတယ်။ အရှင်နန္ဒိယကလည်း သူ့စိတ်ကို လျှော့ထားပြီးတော့ အရှင်အနုရုဒ္ဓါနဲ့
အရှင်ကိမိလတို့ အလိုပြည့်အောင် နေထိုင်ပေးတယ်။ အရှင်ကိမိလကလည်း ထိုအတိုင်းပဲ နေထိုင်တယ်။
ဒီလိုပဲ သုံးပတ်လည်သွားတဲ့ အခါမှာလည်း သုံးပါးလုံး အားလုံးဟာ စိတ်ဆန္ဒတွေကို လျှော့ချထားပြီးတော့
သုံးပါးလုံး အလိုပြည့်နေကြတာ တွေ့ရတယ်။
အဲဒီအခါမှာ မြတ်စွာဘုရားက သာဓု သာဓု သာဓုဟု
သာဓုသုံးကြိမ် ခေါ်တော်မူတယ် အနုရုဒ္ဓါ၊ ကိမိလ၊ နန္ဒိယတို့၊ ဒါကြောင့် ဂေါသိင်္ဂ ဥယျာဉ်ကြီး
လှပတာပဲလို့ မြတ်စွာဘုရား ချီးမွမ်းတော်မူပါတယ်။ ဒါကြောင့် တိုင်းရင်းသား ညီအစ်ကို
မောင်နှမအားလုံး နှစ်ဟောင်းမှာ ဟောင်းနွမ်းဆွေးမြည့်ပြီ ဖြစ်တဲ့ တင်းမာတဲ့ စိတ်ဓာတ်တွေကို
အကုန်လုံး လျှော့ချ ထားပြီးတော့ နှစ်သစ်မှာ တိုင်းပြည်ကို လှပအောင် တန်ဆာ ဆင်ကြဖို့၊
မိမိတို့ မိမိတို့ရဲ့ စိတ်ဆန္ဒတွေကို အကုန်လုံး လျှော့ထား၊ အတူနေ တိုင်းရင်းသားတွေရဲ့
အလိုဆန္ဒတွေကို ပြည့်ဝအောင် ဝိုင်းဝန်းဖြည့်စွက်ပြီးတော့ ဆောင်ရွက်နိုင်ကြ ပါစေဆိုတာ
နှစ်ဟောင်း ကိုလည်း ဆုတောင်း နှုတ်ဆက်တယ်၊ နှစ်သစ်ကိုလည်း ကြိုဆို ဆုတောင်းတယ်။
နိဂုံးချုပ်မှာတော့ အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊
အရှင် ကိမိလတို့က တစ်ပါးစီ တစ်ပါးစီ မြတ်စွာဘုရားကို လျှောက် ကြတဲ့ အထဲမှာ “သကံ စိတ္တံ
နိက္ခိပိတွာ နာနာဟိ ခေါ နော ဘန္တေကာယာ ဣမေသံယေ၀ အာယသ္မန္တာနံ စိတ္တဿ ၀သေန ဝတ္တာမိ”
တပည့်တော်တို့ တစ်တွေဟာ ကိုယ်ကာယက တစ်ကိုယ်စီ၊
တစ်ကိုယ်စီ ဖြစ်သော်လည်းပဲ ကိုယ်ကာယတွေ ကွဲပြား၍ နေကြစေကာမူ စိတ်တွေ မကွဲဘဲနဲ့ နေကြတယ်ဘုရား။
သုံးပါးနေထိုင်တဲ့အတွက်ကြောင့် သုံးကိုယ်ဖြစ်ပေမယ့် စိတ်ကတော့ တစ်စိတ်ထဲပဲလို့ လျှောက်ထားကြပါတယ်။
ဒါကိုခေတ်လို ပြောမယ် ဆိုလို့ရှိရင်တော့ သုံးကိုယ် တစ်စိတ်လို့ ပြောရမှာပေါ့။
ဒါဆိုလို့ရှိရင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ
ရေမြေတောတောင်၊ ပင်လယ်သမုဒ္ဒရာ၊ စေတီပုထိုး၊ ကျောင်းကန်ဘုရားတွေနဲ့ လှပနေတယ်။ နိုင်ငံသူ၊
နိုင်ငံသားတွေရဲ့ အလှပဆုံး စိတ်ဓာတ်ဟာ ဂေါသိင်္ဂဥယျာဉ်ကြီးထဲက မထေရ်ကြီး သုံးပါးတို့ရဲ့ထုံးကို
နှလုံးမူ၍ သုံးကိုယ်တစ်စိတ်နဲ့ နေကြတယ် ဆိုကြသလိုပဲ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာ့
သုံးဆယ်ကျော်ရှိပေမယ့် စိတ်ဓာတ်တွေ တစ်ရာ့ သုံးဆယ် ကျော် မကွဲပြားဘဲ ညီညွတ်သော၊ ငြိမ်းချမ်းသော၊
သာယာ လှပသော နိုင်ငံတော်ကြီးကို တပေါင်းတစည်းတည်း၊ တစည်း တလုံးတည်း တည်ထောင်မယ်ဆိုတဲ့
သုံးကိုယ်တစ်စိတ် ဂေါသိင်္ဂ စိတ်ဓာတ်ကို မွေးမြူပြီးတော့ နိုင်ငံတော်ကြီးကို လှပအောင်
တည်ဆောက်နိုင်ကြပါစေလို့ နှစ်ဟောင်းကို လည်း နှုတ်ဆက်တယ်၊ နှစ်သစ်ကိုလည်း ကြိုဆိုသော
အားဖြင့် ဆုတောင်းလိုက်ပါတယ်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
No comments:
Post a Comment