Wednesday, February 27, 2019

Line Walker - 2 ရုပ်ရှင်ဇာတ်ကား ရန်ကုန်မြို့ဇာတ်ဝင်ခန်းများ နောက်ဆုံးနေ့အဖြစ် ရိုက်ကူး


ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြို့ ဆူးလေဘုရားလမ်း၌ Line Walker - 2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို ယနေ့တွင် နောက်ဆုံးနေ့အဖြစ်ရိုက်ကူးပြီး Line Walker - 2 ၏ ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အင်အားတောင့်တင်းစွာဖြင့် ရိုက်ကူး
ယနေ့ရိုက်ကူးနေသော ဇာတ်ဝင်ခန်းများသည် ရုပ်ရှင်ဇာတ်ကားများတွင် စိတ်ဝင်စားမှု အမြင့်ဆုံး အခန်းများဖြစ်သည့် ကားတိုက်သည့် ဇာတ်ဝင်ခန်းများ၊ ကားပေါက်ကွဲမှုများ၊ မော်တော်ယာဉ်တိမ်းမှောက်သည့် ဇာတ်ဝင်ခန်းများအား ရိုက်ကွင်းအဖွဲ့သား အင်အားတောင့်တင်းစွာဖြင့် ရိုက်ကူးလျက်ရှိသည်ကို တွေ့ရသည်။
ထို့ပြင် ယာဉ်တိုက်မှုကြောင့် ဝန်းကျင်ရှိ လမ်းဘေးဈေးဆိုင်များ ထိခိုက်ပျက်စီးမှု ဇာတ်ဝင်ခန်းများ၊ မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွားသည့် ဇာတ်ဝင်ခန်းများကို ကျွမ်းကျင်သည့် ဆက်တင် ပြင်ဆင်ရေးသမားများဖြင့် စိတ်ရှည်လက်ရှည် ရိုက်ကူးလျက်ရှိသည်ကို တွေ့ရသည်။
ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူး
ရုပ်ရှင်ကြည့်ပရိသတ်အား မြင်ကွင်းအမျိုးမျိုးမှ ပြသနိုင်ရေးအတွက် ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးနေသော ကင်မရာများကို တွေ့ရသည်။ ယနေ့သည် ဇာတ်ဝင်ခန်း နောက်ဆုံးနေ့ဖြစ်သည်နှင့်အညီ မော်တော်ယာဉ်ပေါက်ကွဲမှု အခန်းများ ပါဝင်မည်ဖြစ်သောကြောင့် မူလက မြို့တော်ခန်းမဘေးတွင် ဂိတ်ထိုး ရပ်တန့်လျက်ရှိသော ဝိုင်ဘီအက်စ် ၈၇၊ ၂၉၊ ၃၆၊ ၃၊ ၂၈ စသော ယာဉ်လိုင်းများ နှင့် မော်တော်ယာဉ် စီးခရီးသည်များကို တာဝန်ရှိသူများက နေရာအနည်းငယ် ရွှေ့ပြောင်းစီးနင်းစေခဲ့သည်ကို တွေ့ရသည်။
Line Walker - 2 ရုပ်ရှင်ဇာတ်ကားတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၏ အထင်ကရပုံရိပ်များဖြစ်သော ရွှေတိဂုံစေတီတော်၊ ဗဟန်းဈေး၊ ဝိုင်အမ်စီအေ ခန်းမ၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ဆူးလေဘုရားလမ်းတို့ကို နောက်ခံထား၍ ရုပ်ရှင်ဇာတ်ဝင်ခန်းများ ရိုက်ကူးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ရိုက်ကူးမည့် ဇာတ်ဝင်ခန်း အချို့အတွက် သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ရိုက်ကူးခဲ့သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- အာကာစိုး

No comments:

Post a Comment