၁။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ (၁၇း၀၅) နာရီတွင် ရစ်ခ်ျစတာစကေး (၆.၈) အဆင့် မြေငလျင်
လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ
ရှေးဟောင်း အဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု
အမွေအနှစ်ဒေသ ဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ ၃၈၉ ဆူ ပျက်စီးခဲ့ပါသည်။
ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ အရေးပေါ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြည်တွင်း/ပြည်ပ
ပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊
ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ငလျင်ဒဏ်ခံ
ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှု အခြေအနေများကို စိစစ်ချက်အရ ပထမဦးစားပေး ပြုပြင်ထိန်းသိမ်းရန်
၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၅၃ ဆူနှင့် ပျက်စီးမှု အနည်းငယ်သာရှိသည့်
တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းမည့် အဆူ ၃၀၀ အဖြစ် ကနဦးသတ်မှတ်ခဲ့ပြီး နိုင်ငံတကာပညာရှင်၊
ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေးမှု အရ ပထမဦးစားပေး၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေး
အဆူ ၃၀၀ အနက် ၇၆ ဆူတို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ် ညှိနှိုင်းကာ
ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး တတိယဦးစားပေးမှ ကျန် ၂၂၄ ဆူကို အလှူရှင်များဖိတ်ခေါ်
ပြုပြင်ထိန်းသိမ်းခဲ့ရာ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
၂။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့်အတူ အဆောက်အဦ ဦးစီးဌာနနှင့် အခြားအဖွဲ့အစည်းများ
ပူးပေါင်းပါဝင် ထိန်းသိမ်းခဲ့ရာ ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ဇယားဖြင့်
ဖော်ပြထားပါသည်။
၃။
ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် UNESCO၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ၏
အကြံပြုချက်များ၊ Advisor Team၊ Expert Team တို့၏ အကြံပြု ဆွေးနွေးချက်များ၊ ငလျင်အလွန်
ပြန်လည်ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည့် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ်
(Technical Coordination Forum) များ၏ ဆွေးနွေး ညှိနှိုင်းချက်များကို ဌာနအနေဖြင့်လိုက်နာကာ
နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုအရ
တည်ရှိနေသည့် ရှေးဟောင်း အဆောက်အအုံများ ကိုလည်း ကိုးကွယ် ယုံကြည်မှုနှင့်အညီ အင်္ဂါစုံပြုပြင်လျက်ရှိသကဲ့သို့
ရှေးဟောင်း အဆောက်အအုံများကို ပျက်စီးမှု ပမာဏအလိုက် သော်လည်းကောင်း၊ သမိုင်းတန်ဖိုး
အရ သော်လည်းကောင်း၊ ဗိသုကာလက်ရာ ကျန်ရှိမှုအရ သော်လည်းကောင်း၊ ခေတ်ကာလ အပိုင်းအခြားများပေါ်
မူတည်၍ ဦးစား ပေးအဆင့်များ သတ်မှတ်ပြီး စံချိန်စံညွှန်း တန်ဖိုးနှင့် ကိုက်ညီသည့် ထိန်းသိမ်းခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပါသည်။
၎။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့်
ပူးပေါင်းအဖွဲ့များ အနေဖြင့် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင်
နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက်
ထိန်းသိမ်းရန်စသည့် ချမှတ်ထားသည့် မူအတိုင်းဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်းနှင့်
လက်ရှိကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့အထိ အနည်းငယ်သာ ထိခိုက်ပျက်စီး
သော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော ၁၁၁ ဆူ၊ စုစုပေါင်း
၃၃၅ ဆူကို လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကာ ၂၀ ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ဆဲဖြစ်ပါကြောင်း
သတင်းထုတ်ပြန် အပ်ပါသည်။
သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန
No comments:
Post a Comment