Thursday, February 28, 2019

စားသုံးသူအခွင့်အရေးဆိုင်ရာများ တိုင်ကြားနိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်း ထုတ်ဝေ


 
ရန်ကုန် ဖေဖော်ဝါရီ ၂၇
စားသုံးသူ ပြည်သူများအနေဖြင့် မိမိတို့၏ စားသုံးသူ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို စားသုံးသူ ရေးရာ ဦးစီးဌာနသို့ တိုင်ကြားရာတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့် လွယ်ကူစွာ တိုင်ကြားနိုင်ရန်အတွက် မိုဘိုင်းအပလီကေးရှင်းသစ်တစ်ခုကို စားသုံးသူရေးရာ ဦးစီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်က စတင်ထုတ်ဝေလိုက်ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းအက်ပလီကေးရှင်းကို လက်ရှိအချိန်တွင် အန်းဒရွိုက်ဖုန်းများအတွက်သာ ထုတ်ဝေထားကာ Google Play store တွင် DOCA Myanmar ဟု ရိုက်၍ရှာပြီး ရယူနိုင်သလို စားသုံးသူရေးရာဦးစီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာ facebook.com/DOCA. NPT တွင် ဖော်ပြထား သည့် Link မှ တစ်ဆင့်လည်း ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။
အက်ပလီကေးရှင်းကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြုနိုင်ပြီး စားသုံးသူများအနေဖြင့် တိုင်ကြားလိုသည့် ကိစ္စရပ်များကို အပလီကေးရှင်းတွင် ပါဝင်သည့် ‘စားသုံးသူများတိုင်ကြားရန်’ လုပ်ဆောင်ချက်မှတစ်ဆင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုက်ရိုက်တိုင်ကြားနိုင်မည့်အပြင် အက်ပလီကေးရှင်းထဲတွင် ပါဝင်သော ‘ဌာနအကြောင်း၊ စားသုံးသူရေးရာ ဗဟိုကော်မတီ၊ စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းသတိပေးချက်၊ အမေး-အဖြေကဏ္ဍ၊ သတင်းနှင့် လှုပ်ရှားမှုများ၊ CICC လိပ်စာများ၊ စားသုံးသူဥပဒေ’ စသည့် ကဏ္ဍများကိုလည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်မည်ဖြစ်သည်။
စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင်ရှိသော မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနရုံးများမှ လည်းကောင်း၊ တယ်လီဖုန်း ဖြင့်လည်းကောင်း၊ ဌာန၏ ဝက်ဘ်ဆိုက် www.doca.gov.mm/complaint/ မှ လည်းကောင်း စားသုံးသူများတိုင်ကြားလိုသည့် ကိစ္စများကို တိုင်ကြားနိုင်ရန် ဆောင်ရွက်ပေးထားသည့်အပြင် ယခုမိုဘိုင်း အက်ပလီကေးရှင်းကိုလည်း ထပ်မံထုတ်ဝေလိုက်ခြင်းကြောင့် စားသုံးသူများအနေဖြင့် မိမိတို့၏ နစ်နာမှုများ အတွက် ပိုမိုလွယ်ကူစွာ တိုင်ကြားနိုင်မည်ဖြစ်သည်။
စားသုံးသူများအနေဖြင့် မိမိတို့ ဝယ်ယူသုံးစွဲထားသည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက ယခုအက်ပလီကေးရှင်း မှတစ်ဆင့် လွယ်ကူလျင်မြန် လုံခြုံစိတ်ချစွာဖြင့် တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနရုံးချုပ် (နေပြည်တော်) မှ အသိပေး ထုတ်ပြန်ထားသည်။
သူရဖြိုး

No comments:

Post a Comment