Line
Walker - 2 အက်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းအချို့ကို ရန်ကုန်မြို့တွင် ရိုက်ကူးလျက်ရှိရာ
ယနေ့တွင် ဇာတ်ဝင်ခန်းအချို့ကို ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်တွင် ဆက်လက်ရိုက်ကူးလျက်ရှိပြီး
ပါဝင်သရုပ်ဆောင်ထားသည့် မြန်မာ လူငယ် သရုပ်ဆောင် များ၊ အားဖြည့်ကူညီသူများနှင့် ရုပ်ရှင်ရိုက်ကွင်းသို့
လာရောက်လေ့လာသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားဖော်ပြလိုက်ရပါသည်-
▲ ဒါရိုက်တာကိုပေါက် ▲
ဒီမနက်
တစ်ကတ်လေးကို အကြိမ် ၂၀ လောက်ရှိပြီ ရိုက်နေကြတာ။ ကင်မရာတွေဆိုလည်း အများကြီးပဲ။ ကားနဲ့
ရိုက်လို့ရတဲ့ ကင်မရာတွေ၊ နည်းစနစ်ပိုင်းတွေ၊ လူအင်အားနဲ့ အားကျစရာ၊ လေးစားစရာပါ။ ဝင်ခွင့်ကတ်
ထုတ်ပေးထားတော့ အနီးကပ်လေ့လာခွင့်ရတယ်။ ဒီရက်ပိုင်းအတွင်း ရှုတင်နားနေတော့ နေ့တိုင်းလိုလို
လာကြည့်ဖြစ်မှာပါ။ အင်တာနေရှင်နယ် ကားဖြစ်တဲ့ အတွက် ဘာဆိုဘာမှနှိုင်းစရာကို မလိုဘူး။
အားကျစရာ ပါပဲ။
▲ အမှတ်(၇)ယာဉ်ထိန်းတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲရဲမှူး မျိုးအောင်မြင့်
▲
ဒီနေ့က
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြားတောရ လမ်းတစ်လျှောက်ကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု
အထိမ်း အမှတ်ရယ်၊ လူကုန်ကူးမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး
မြန်မာနိုင်ငံကလည်း ပါဝင် ဆောင်ရွက်နေတာကို နိုင်ငံတကာက သိအောင်လို့ ရုပ်ရှင်ရိုက်ကူးမှုကို
ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ကတော့
ရုပ်ရှင်ရိုက်ကူးတဲ့နေရာမှာ အဆင်ပြေချောမွေ့ ဖို့ရယ်၊ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာနဲ့
သွားလာနိုင်ဖို့ရယ် တစ်နည်းအားဖြင့် ယာဉ်အန္တရာယ် ကင်းစင်စွာ သွားလာလှုပ်ရှားနိုင်ဖို့အတွက်ကို
ရိုက်ကူးမှု ပြုလုပ်တဲ့နေရာဝန်းကျင်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ချထားပြီးတော့ ကူညီဆောင်ရွက်
ပေးလျက်ရှိပါတယ်။
▲ ဒေါ်ဆွေဇင်ထိုက် (ရုပ်ရှင်ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်)
▲
မနက်
၆ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ကြားတောရ နေရာမှာ ရိုက်ပါတယ်။ မွန်းလွဲ ၁ နာရီနောက်ပိုင်း
မြို့ထဲ ရွှေ့ဖို့ စီစဉ်ထားပါတယ်။ လိုချင်တာကတော့ အနောက် ဘက်မှာရှိနေတဲ့ ဈေးတန်းကြီးကို
လိုချင်တာ။ ဘယ်လို နားလည်မှုလွဲသွားသလဲ မသိဘူး။ ဈေးတန်းကို ဖြုတ်သွား ကြတယ်။ ဒါပေမယ့်
မဖြစ်ဖြစ်အောင် ဆင်ရိုက်ပါတယ်။
ဒီနေရာကို
ရိုက်တာက ရွှေတိဂုံဘုရားကိုလည်း ပါချင် တာဖြစ်တဲ့အတွက်ကြောင့် ဒီနေရာလေးကို ရွေးပါတယ်။
ရွှေတိဂုံဘုရားရှေ့မှာ လူဆိုးတွေနောက်ကို ရဲကလိုက်တဲ့ အခန်းကို ရိုက်ပါတယ်။ ဒီနေရာမှာ
အရေးကြီးတာက Location ပေါ့။ ရိုက်ကွင်းရိုက်ကွက်က အရေးကြီးပါတယ်။ သူတို့က ပရော်ဖက်ရှင်နယ်ဖြစ်တယ်။
ကောင်းကောင်း ယူတယ်။ အလုပ်လည်း ကောင်းကောင်းလုပ်တယ်။ သူတို့ ရဲ့ ခွန်အားတွေကိုလည်း
မြင်နေရတယ်။Team work ဖြစ်တယ်။
ဒါရိုက်တာရဲ့
အုပ်ချုပ်မှုအောက်မှာ အကုန်လုံးက တစ်ပြေးညီ အလုပ်လုပ်ကြတာ တွေ့ရတယ်။ တစ်ယောက် နဲ့တစ်ယောက်
ဆက်သွယ်မှုတွေလည်း ကောင်းတယ်။ ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ ရှိတဲ့သူတွေ ရိုက်ကွင်းကို
လေ့လာချင်ရင် ဖိတ်ပါတယ်။ ခွင့်ပြုဖို့အတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ပေးထားပါတယ်။
ဒီဇာတ်ကားမှာပါဝင်ဖို့ မြန်မာသရုပ်ဆောင်ထဲက ရွေးထား တဲ့ သရုပ်ဆောင်တွေလည်းပါပါတယ်။
▲ ရဲမှူးချုပ်ဝင်းခေါင်(ငြိမ်း) (Yangon Synthesis
Productions ၏ အကြံပေးပုဂ္ဂိုလ်) ▲
ကုမ္ပဏီကြီးဖြစ်တဲ့အတွက်ကြောင့်
ဒီဇာတ်ကားမှာ အထူးတာဝန်တပ်ဖွဲ့အနေနဲ့ ပါဝင်မယ့် ရဲတပ်ဖွဲ့ဝင် တွေရှိတယ်။ စွန့်လွှတ်စွန့်စား
အကုန်လုံးဆောင်ရွက်ကြ ရမယ့်သူတွေရှိတယ်။ ဒီသရုပ်ဆောင်တွေ အကုန်လုံးကို သူတို့ရဲ့ နိုင်ငံဘက်မှာ
ထိခိုက်မှု အာမခံ၊ အသက်အာမခံ အကုန်လုံး လုပ်ခဲ့ပြီးသား။ လုံးဝနစ်နာမှု မရှိဘူး။ ဒါကြောင့်
မို့လို့ ကျွန်တော်တို့ အတုယူသင့်တယ်။ ဒီက ငှားလိုက်တဲ့ သူတွေကို ပြည်တွင်းမှာရှိတဲ့
အသက်အာမခံဌာနနဲ့ ချိတ်ဆက်ပြီးတော့ တစ်စုံတစ်ခု ထိခိုက်မှုအတွက် အကုန်အာမခံ ဆောင်ရွက်တယ်။
သရုပ်ဆောင်ရတဲ့သူက အာမခံချက် ရှိတယ်။ ဒီအလေ့အထက အတုယူသင့်တဲ့ အလေ့အထပါ။
ပြည်ပက
သန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီး တွေ ဝင်ရောက်လာပြီးတော့ ရိုက်ကူးတယ်ဆိုတာ
ကျွန်တော် တို့နိုင်ငံအတွက် အကျိုးအမြတ် အများကြီးထွက်တယ်။ ကိုယ်ကိုယ်တိုင်က မိမိနိုင်ငံအကြောင်း
မီဒီယာနဲ့ ထိုးဖောက်ပြီး ကမ္ဘာကိုပြဖို့ဆိုတာ တော်တော်အလှမ်း ဝေးသေးတယ်။ ဥပမာ - နာမည်ကြီးပြီးသား
နိုင်ငံကျော် မင်းသား၊ မင်းသမီးနဲ့ တွဲပြီးရိုက်တဲ့အခါ ကိုယ့်ဂုဏ်တက် သလိုပေါ့။ သူ့မှာနာမည်ရှိပြီးသား၊
လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်ရှိပြီးသား၊ ကမ္ဘာကိုထိုးဖောက်နိုင်တဲ့ စွမ်းရည် အပြည့်အဝရှိပြီးသား
အဲဒီလို ကုမ္ပဏီကြီးကနေ ကျွန်တော်တို့နိုင်ငံကို လာရိုက်တယ်ဆိုတဲ့အခါကျတော့ သူတို့ရဲ့
ဇာတ်ကားကြီးထဲမှာ ဘယ်လိုအစိတ်အပိုင်းနဲ့ပဲ ပါသည်ဖြစ်စေ ကျွန်တော်နိုင်ငံရဲ့ပုံရိပ်ကို
ကမ္ဘာက ကောင်းကောင်းသိသွားမှာပဲ။ မြန်မာရဲ့မြင်ကွင်းဆိုတာ ကမ္ဘာက သိသွားတာပေါ့။ ဒါက အကျိုးအမြတ်တစ်ခု။
ကျွန်တော်တို့နိုင်ငံထဲမှာ
လာလုပ်လိုက်တဲ့အတွက် အလွှာအသီးသီးဟာ ဝင်ငွေတွေရသွားကြတယ်။ လူရာနဲ့ ချီပြီးလာတဲ့အတွက်
ဟိုတယ်တည်းခိုခတွေရတယ်။ အခွန် ဝင်ငွေတွေရမယ်။ စားဝတ်နေရေးအတွက် အသုံးပြုတဲ့ ငွေကြေးတွေရမယ်။
ကျွန်တော်တို့ဆီက ရိုက်ကူးမှုမှာ ပါဝင်တဲ့သရုပ်ဆောင်တွေပါတယ်။ ဖြတ်လျှောက်တွေ ပါတယ်။
လာသမျှဟာတွေက နေ့တွက်တွေနဲ့ ငှားရမ်းပြီး အသုံးပြုတာ။ အလုပ်လုပ်ဖို့ အတွက် အခွင့်အလမ်းကောင်း
တွေ ပွင့်ထွက်လာတယ်။ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားကောင်းလာတယ်။ မြန်မာနိုင်ငံမှာ ဒီလိုလုပ်လို့
ရတယ်ဆိုတာ နိုင်ငံတကာကို သတင်းစကားပျံ့နှံ့သွားရင် ရင်းနှီးမြှုပ်နှံသူတွေ လာမယ်။ နိုင်ငံပေါ်မှာ
ယုံကြည်မှုတွေ တိုးတက်လာမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ဟာ ကမ္ဘာ အနှံ့ကို ပြန့်သွားရင်
ရဟန်းသံဃာတွေ ဆွမ်းခံကြွတဲ့ပုံတွေ၊ စေတီပုထိုးတွေကို ရိုက်လိုက်ခြင်းအားဖြင့် ဘုရားတရား
ရိုသေကိုင်းရှိုင်းတဲ့ လူမျိုးတွေနေထိုင်တဲ့ တိုင်းပြည်ဆိုတဲ့ ပုံရိပ်ပါသွားမယ်ဆိုရင်
မဖော်ပြနိုင်တဲ့ အမြတ်တွေပဲ။
▲ နေထက်အောင်(သရုပ်ဆောင်) ▲
ကျွန်တော်က
အကြမ်းဖက်တိုက်ခိုက်ရေးဌာနက အထူးရဲအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်။ အခုလို ကိုယ့်နိုင်ငံကို
သူများနိုင်ငံက လာပြီးတော့ ရိုက်တဲ့အခါ နိုင်ငံခြား မင်းသားတွေနဲ့ အတူတူ သရုပ်ဆောင်ရတယ်။
ကျွန်တော်တို့ကို စခေါ် ပြီဆိုကတည်းက ကြိုးစားပြီး လုပ်ပြခဲ့ပါတယ်။ အတူတွဲ သရုပ်ဆောင်တဲ့အခါ
လက်တွဲ ခေါ်တာလည်းရှိပါတယ်၊ အစမ်းလေ့ကျင့်တာဆို ကျွန်တော်တို့နိုင်ငံမှာ ၁၀ ခါထက် မကျော်ဘူး။
သူတို့က ၁၀ ခါမကဘူး အခါ ၅၀ လောက်ရှိတယ်။ အတွေ့အကြုံ တွေရတယ်။ ဖြတ်လျှောက်အစ တော်တော်လေးကို
ကောင်းပြီဆိုမှပဲ လွှတ်ပေးတာ။ အရင်တုန်းက သရုပ် မဆောင်ရတဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ကားတွေ
ခေတ်မကောင်းတဲ့ ခေတ်ကတည်းက ကျွန်တော်တို့လို နားနေတာ တော်တော်ကြာတဲ့သူတွေ အခုလို ပြန်ပြီးရိုက်ရတော့
အလုပ်ပြန်စရတာပေါ့၊ အဲဒီလိုမျိုး နိုင်ငံတကာက များများ လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
▲ အောင်မြင့်မြတ်(သရုပ်ဆောင်) ▲
ခါတိုင်းကတော့
လေ့လာချင်တဲ့ စိတ်ပဲရှိတာပါ၊ အခုကျတော့ ကိုယ်တိုင်ပါဝင်ခွင့်ရခဲ့တယ်။ ရိုက်တဲ့အခါ အသက်အာမခံတွေ
လုပ်ပေးတယ်၊ ကျွန်တော်တို့ဘက်ကို အများကြီးကြည့်ထားတယ်။ ပြည်တွင်းက လူတွေ အများကြီး
သုံးထားတယ်၊ ကျွန်တော်တို့က ကိုယ့်ဟာကိုယ် ရုန်းကန်နေရတဲ့ အချိန်မှာ သူတို့ဆီက အစစအရာရာ
အခြေခံကျကျ သိရတယ်၊ အများကြီးအခွင့်အလမ်း ကောင်းတွေရပါတယ်။ ကိုယ်တိုင်ပါဝင်ရတဲ့ အခါကျတော့
အရင်ကလည်း ကျွန်တော်ပြောပြီးသား၊ ဘယ်နေရာကပဲ ပါရပါရ၊ ကျွန်တော်ကတော့ ပါမှာပဲလို့။ ဒီအတွေ့အကြုံမျိုးက
နောင်ထပ်လာမယ်ဆိုတာ ဘယ်ဟာမှ မသေချာတဲ့ အတွက် ရတဲ့နေရာမှာ၊ ရတဲ့အချိန်မှာ အတွေ့အကြုံ
ဗဟုသုတရအောင်ယူမယ်ဆိုပြီး သရုပ်ဆောင် ဝင်လျှောက် ခဲ့ပါတယ်။
(တွေ့ဆုံမေးမြန်း၊
သီသီမင်း၊ မင်းသစ်၊ ဓာတ်ပုံ၊နေလင်း)

No comments:
Post a Comment