Thursday, February 28, 2019

ရုပ်ရှင်ကဏ္ဍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး


ရန်ကုန် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ၏ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး (၁) အကယ်ဒမီ ဒါရိုက်တာ ဇော်မြင့်ဦး ဦးဆောင်သော ကိုယ်စားလှယ်များ၊ Shaw Brothers Pictures International Ltd.,မှ ဒါရိုက်တာ Mr. Jazz Boon ဦးဆောင်သော ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြန်မာနိုင်ငံတွင် ရိုက်ကူးခဲ့သည့် Line Walker-2 ရုပ်ရှင်ဇာတ်ကား နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ ရန်ကုန်မြို့တော်သူ မြို့တော်သားများ၏ ဖော်ရွေမှုနှင့် ဧည့်ဝတ်ပျူငှာမှုများကို လည်းကောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
စပိန်နိုင်ငံ၌ ဆက်လက်ရိုက်ကူးမည်
Shaw Brothers Pictures International Ltd., သည် Line Walker-2 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်အထိ ရိုက်ကူးခဲ့ပြီး ကျန်ရှိနေသော ဇာတ်ဝင်ခန်းများကို စပိန်နိုင်ငံ၌ ဆက်လက်ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment