Friday, January 18, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နယ်စပ်ဒေသလေ့လာရေး အဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်



နေပြည်တော် ဇန်နဝါရီ ၁၈
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ဖိတ်ကြားချက်အရ နေပြည်တော်တွင် ရောက်ရှိနေသော နယ်စပ်ဒေသ အသီးသီးမှ လေ့လာရေးအဖွဲ့များ ဖြစ်ကြသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကုန်းကြမ်းဒေသမှ ဒေသခံ (၃၀)၊ ကယား ပြည်နယ် ဟိုယာ၊ ဘီယာဒေသမှ ဒေသခံ (၃၀) ၊ ကရင်ပြည်နယ် သံတောင်ကြီး၊ ဖာပွန်ဒေသများမှ ဒေသခံ(၃၀)၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်များမှ ဒေသခံ(၃၀)၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ကျွန်းသာယာဒေသမှ ဒေသခံ(၃၀) ၊ စုစုပေါင်း (၁၅၀)တို့အား ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ယင်းဝန်ကြီးဌာန စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ် ဆက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသား လူငယ်မောင်မယ် များကို နေပြည်တော်သို့ ဖိတ်ခေါ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်နေမှုများကို မျက်ဝါးထင်ထင် လေ့လာ တွေ့ရှိပြီး လေ့လာရေး ခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်နှင့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ ရှင်သန်ပွားများ ခိုင်မာလာစေရန် ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီးအတွင်း အကြားအလပ်မရှိ ညီညွတ်မျှတသည့် အကျိုးကို ခံစားရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို အခြေခံ၍ တိုင်းပြည်အင်အားရရှိရန် တိုင်းပြည်တိုး တက်ဖွံ့ဖြိုးရန် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဝေးလံခေါင်သီပြီး ဆက်သွယ်သွားလာရေး ခက်ခဲသည့် နယ်စပ်ဒေသ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးသည် တည်ငြိမ်အေးချမ်းမှု ရှိခြင်းနှင့် အပြန်အလှန်ဆက်နွယ် နေသဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထူး အလေးအနက်ထားပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတွင် နေထိုင်ကြသော ပြည်သူလူထုအနေဖြင့်လည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ် များတွင် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ယနေ့ကမ္ဘာမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုတို့ မြင့်မားလာပြီး စိန်ခေါ်မှု များစွာနှင့် ကြုံတွေ့နေရသလို မိမိတို့နိုင်ငံ အနေနှင့်လည်း မူးယစ်ဆေးဝါးပြဿနာ ကြီးမားကျယ်ပြန့် လာတာကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ နယ်စပ်ဒေသနေ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိနားလည်ပြီး ကိုယ်တိုင်ပါဝင်ပတ်သက်မှု မရှိကြစေရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သွားကြရန် မှာကြား လိုကြောင်း၊ ယခုလေ့လာရေး လာရောက်ကြသော မောင်တို့ မယ်တို့အနေဖြင့် နုပျိုလန်းဆန်း တက်ကြွနေသည့် လူငယ်လူရွယ်များဖြစ်တဲ့အပြင် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နောင်တစ်ချိန်မှာ မိမိတို့နိုင်ငံ မိမိတို့ဒေသ၏ ကြီးလေးသည့် တာဝန်များကို ပခုံးပြောင်းထမ်း ဆောင်ကြမည့် သူများဖြစ်သည့်အတွက် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် သားကောင်းသမီးမွန်များ၊ ထူးချွန်ထက်မြက်သူများဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားကြဖို့လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အစီအစဉ်အရ လေ့လာရေးအဖွဲ့ဝင်များ ကိုယ်စား တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လေ့လာရေး အဖွဲ့ဝင်များက ၎င်းတို့၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment