ရန်ကုန် ဇန်နဝါရီ ၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ် (၁)
ရန်ကုန် တွင် ပြုလုပ်သည့် ဓာတ်မှန်ပညာ၊ နှလုံးနှင့်သွေးကြော ရောဂါဆေးပညာနှင့် ခွဲစိတ်ပညာ၊
စိတ်ကျန်းမာရေးပညာတို့မှ ဆေးပညာရှင်ကြီးများနှင့် တွေ့ဆုံ ညှိနှိုင်းမှု အစည်းအဝေးသို့
တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးက
ကုသရေးကဏ္ဍကြီး တစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဓာတ်မှန်ပညာ၊ ရောဂါဗေဒ ပညာရပ်အပါအဝင်
ဆေးပညာ ရပ်များအားလုံးသည် သီးခြားဆောင်ရွက်ကုသမှုပေးရသည့် ပညာရပ်များမဟုတ်ဘဲ ပညာရပ်ဆိုင်ရာ
အမြင်များဖလှယ်ခြင်းဖြင့် စုစည်းချိတ်ဆက် ကုသမှုပေးရခြင်း သာဖြစ်ကြောင်း၊ လူနာတစ်ဦးချင်းစီ၏
ဖြစ်ပွားနေသော ရောဂါအမျိုးအစားနှင့် အခြေအနေတို့ကို တိကျစွာသိရှိနိုင်စေရန်အတွက် ဓာတ်ခွဲ၊
ဓာတ်မှန်နှင့် ရောဂါဗေဒပညာရပ်တို့သည် အဓိကကျကြောင်း၊ ရောဂါရှာဖွေစမ်းသပ်မှုနှင့် ကုသမှု
အထောက်အကူပြု ဆေးပစ္စည်းနှင့် စက်ကိရိယာများ၏ အရည်အသွေး ကောင်းမွန်မှန်ကန်ခြင်းသည်လည်း
အဓိကကျသည်ဖြစ်၍ ဝန်ကြီးဌာနမှ အရည်အသွေးမြင့်မားပြီး တာရှည်ခံကာ ရင်းနှီးသုံးစွဲရသောဘဏ္ဍာငွေနှင့်
ထိုက်တန်သည့် ကုသမှု အကျိုးကျေးဇူးများ ရရှိနိုင်သည့် ဆေးပစ္စည်းနှင့် စက်ကိရိယာများ
ဝယ်ယူထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့်
တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခုတင် ၂၀၀ နှင့် ၁၀၀ ဆေးရုံများ၏ ကျန်းမာရေး
ဝန်ထမ်းအင်အား၊ ကျန်းမာရေးစောင့်ရှောက်ခြင်း လွှမ်းခြုံမှုပေးရသည့် လူဦးရေ၊ လူနာအရေ အတွက်၊
ရောဂါဖြစ်ပွားမှု အမျိုးအစားနှင့် အရေအတွက် စသည့်အချက်များကို ခြုံငုံသုံးသပ်လျက်ရှိပြီး
ဆေးရုံအလိုက် လိုအပ်ချက်နှင့်အညီ ကျိုးကြောင်းဆီလျော်စွာဖြင့်သာတူ ညီမျှဖြည့်ဆည်းပေးရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှ ပညာရပ် ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုများကိုလည်း
မျက်ခြည်မပြတ်စေရေး ပိုမိုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာမှ ပညာရှင်ကြီးများကို
ဖိတ်ခေါ်၍ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ယခုထက် ပိုမိုပြုလုပ် သွားစေလိုပြီး ထိုသို့
ပြုလုပ်မည့် အစီအစဉ်များကိုလည်း နိုင်ငံတစ်ဝန်းလုံးရှိ ဆေးပညာရှင်များသိရှိ ပါဝင်နိုင်စေရေး
ဝန်ကြီးဌာနမှ ဖြန့်ဝေပေးလျက်ရှိ သော Mobile Tablet များမှတစ်ဆင့် သတင်း ဖြန့်ဝေကြေညာပေးရမည်
ဖြစ်ကြောင်း။
ဓာတ်မှန်ပညာရပ်ဆိုင်ရာ
စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး စွမ်းရည်မြှင့်သင်တန်းများပြုလုပ်ရာတွင် ဆေး တက္ကသိုလ်များရှိ
ဆေးပညာ သင်ကြားမှုဌာန (Medical Education Unit)) များ၊ မြန်မာနိုင်ငံ ဆေးပညာရှင် အသင်းနှင့်
ဓာတ်မှန်ပညာရှင်များအသင်းတို့၏ အကူအညီ ရယူဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်ဘေးအန္တရာယ်
အပါအဝင် လုပ်ငန်းခွင်ဘေးကင်း စေရေးအတွက်ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး
ဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက
ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား
ဝန်ကြီးဌာန၏ ဓာတ်မှန်ပညာဆိုင်ရာ အထူးအကြံ ပေးပညာရှင် ပါမောက္ခဒေါက်တာ တင့်လွင်က ဓာတ်မှန်ပညာ
ဘွဲ့လွန်သင်တန်း သင်ရိုးညွှန်းတမ်း နှင့်ပတ်သက်၍ အကြံပြုချက်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊
ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာ ခင်လေးစုက ဓာတ်မှန် ပညာရပ်ဖြင့်
ကျန်းမာရေးစောင့်ရှောက်မှု လက်ရှိအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊
ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှလုံးနှင့် သွေးကြောခွဲစိတ် ကုသမှုဌာနမှ ပါမောက္ခ/ဌာနမှူး
ပါမောက္ခဒေါက်တာ ဝင်းဝင်းကျော်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ နှလုံးဆေးကုဌာနမှပါမောက္ခ/
ဌာနမှူး ပါမောက္ခဒေါက်တာ နွယ်နွယ်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/
ဌာနမှူး ပါမောက္ခဒေါက်တာ မြင့်စိုးဝင်း တို့က နှလုံးနှင့် သွေးကြောကုသမှုပညာရပ်ဆိုင်ရာ
အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (မူကြမ်း) တွင် ပါဝင်သော ရန်ကုန်နှင့် မန္တလေးတို့တွင်
Center of Excellence များတည်ထောင်သွားရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် ပြည်သူလူထု
အခြေပြု နှလုံးနှင့်သွေးကြောရောဂါကာကွယ်ကုသရေး လုပ်ငန်းများကို အဆင့်လိုက်၊ အပိုင်းလိုက်ဆောင်ရွက်သွားမည့်
အစီအစဉ်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ စိတ်ကျန်းမာရေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ
ဒေါက်တာတင်ဦးက စိတ်ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ
ပါမောက္ခ/ ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများ၊ပညာရှင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။
ယင်းနောက် တင်ပြဆွေးနွေးချက်များနှင့်ပတ်သက်၍
ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် ဆေးပညာ ဘာသာရပ်အသီးသီးအတွက် ပညာရပ်ဖွံ့ဖြိုးတိုးတက်မှုကော်မတီများ
ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုနှစ် အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင်
ပထမအဆင့်အနေဖြင့် အထူးကု ဆရာဝန်ကြီး (ဆေးပညာ) များဦးဆောင်၍ နှလုံးရောဂါ အထူးကြပ် မတ်ကုသဆောင်
(Coronary Care Unit - CCU) များ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊
ဆေးတက္ကသိုလ်များရှိ သင်ကြားရေး ဆေးရုံကြီးများတွင် စိတ်ကျန်းမာရေး ကုသမှုဌာန ခွဲများ
ဖွင့်လှစ်ထားရှိရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ စိတ်ကျန်းမာရေး ပြဿနာ အမျိုးအစားနှင့်
ပမာဏကိုသိရှိနိုင်ရန် စိတ်ကျန်းမာရေး အခြေအနေ သုတေသနစစ်တမ်း တစ်ခုကိုလည်း ကောက်ယူသွားရန်နှင့်
လိုအပ်သော ထောက်ပံ့မှုများ ပေးအပ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment