ညောင်ဦး ဇန်နဝါရီ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့ အမှတ် (၅)
ရပ်ကွက် ရွှေစည်းခုံဘုရား အရှေ့ဘက် စောင်းတန်းရှိ ချူအင်လိုင်းတန်ဆောင်း၌ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံရုံးက ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့
တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း တရုတ် - မြန်မာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်လည်ပတ်ခြင်း
၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော်များ ပရဟိတ လှူဒါန်းပွဲကို
တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားပြီး
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကို ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ ၊ မြန်မာ - တရုတ်ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့်
တာဝန်ရှိသူများက ညောင်ဦးမြို့နယ်အတွင်းရှိ နွမ်းပါးသော အိမ်ထောင်စုဝင်များကိုယ်စား
ညောင်ဦးမြို့ အမှတ် (၂) ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးထွန်းလင်းနိုင် ၊ အမှတ် (၄) ရပ်ကွက်မှ
ရပ်မိရပ်ဖ ဦးကိုကိုနိုင် ၊ အမှတ် (၆) ရပ်ကွက်မှ ဒေါ်တင်တင်အေး ၊ ပုဂံမြို့သစ် ရွှေတွင်းရပ်ကွက်မှ
ဦးအောင်ရွှေ ၊ ပုဂံမြို့ ဂန့်ဂါရပ်ကွက်မှ ဒေါ်အေးအေးညို တို့ထံ အိမ်ထောင်စု (၁၀၀) အတွက်
အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် သိန်းတစ်ရာဖိုး
ရှိသော စားသောက်ကုန်ပစ္စည်း ၊ အိမ်သုံးဆေးဝါးများနှင့် မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံ
ပါဝင်သော လှူဒါန်းပစ္စည်း ၂၄ မျိုးကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ရဲဝင်းနိုင် (ညောင်ဦး)
No comments:
Post a Comment