မြစ်ကြီးနား
ဇန်နဝါရီ ၉
ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌
ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည်
ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဆမားဒူးဝါဆင်ဝါးနောင်ခန်းမ၌
ကချင်ပြည်နယ်/ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံသည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးအား ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ် အုပ်ချုပ်ရေးမှူး
ဦးမြင့်လွင်က အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မိတ်ဆက်ပေး သည်။
ထို့နောက်
ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ကချင်ပြည်နယ်
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ၂၈-၁၂-၂၀၁၈ ရက်နေ့က
ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈) ၏ သဘောတူညီချက်အရ
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့
ပြောင်းရွှေ့ဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒီလိုပြောင်းရွှေ့ရခြင်း၏
အဓိက ရည်ရွယ်ချက် မှာ လက်ရှိနိုင်ငံတော်က ဦးတည်လျှောက်လှမ်း နေသည့် နိုင်ငံရေးစနစ်နှင့်
လိုက်လျောညီထွေဖြစ်စေမည့် အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်နိုင်ရန်နှင့် အုပ်ချုပ်မှုကောင်း
Good Governance ဖြစ်ပေါ်လာရန် ရည်ရွယ်ပြီး ပြောင်းရွှေ့ရခြင်းပင် ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏
၂၀၁၈ ခုနှစ်၊ ဧပြီလ မြန်မာ့ ရိုးရာနှစ်သစ်ကူးမိန့်ခွန်းတွင် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲ
ရေးအတွက် အစိုးရပြုပြင်ပြောင်းလဲရေးနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆိုသည့် အချက်(၂)ချက်
ဆောင်ရွက်မည် ဆိုသည်ကို လမ်းညွှန်ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ အစိုးရ ပြုပြင်ပြောင်းလဲရေး
ဆောင်ရွက်ရာတွင် –
-
ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေက စတင်မယ်၊
-
ပြည်သူနဲ့အတူ စုပေါင်းအင်အားနဲ့ ချဉ်းကပ်မယ်၊
-
ပြည်သူ့ဆန္ဒကို အလေးထားပြီး တည်ဆောက်မယ်၊
-
ပြုပြင်ပြောင်းလဲမှုနဲ့ အံမဝင်တဲ့ နေရာတွေမှာ လူစားလဲမှုတွေ ပြုလုပ်မယ်ဆိုတဲ့ မူဝါဒ(၄)ရပ်နဲ့
ဆောင်ရွက်သွားဖို့နဲ့
ဗဟိုချုပ်ကိုင်မှု
လျှော့ချရေး ဆောင်ရွက်ရာမှာ-
-
ပြောင်းလဲသင့်တာတွေကို ပြောင်းလဲမယ်၊
-
တည်ငြိမ်မှုကို မထိခိုက်စေဘဲ အပြောင်းအလဲ တွေလည်း ဖြစ်ပေါ်စေဖို့ ဆောင်ရွက်မယ်၊
-
ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုကို အခြေခံပြီး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်မယ်
ဆိုသည့် မူဝါဒများနှင့် ဆောင်ရွက်သွားရန် ကိုလည်း လမ်းညွှန်ထားခဲ့ပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၏
မူဝါဒနှင့်အညီ အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ
အဖွဲ့များနှင့် ပိုမိုပေါင်းစည်းဆက်စပ် ဆောင်ရွက်ပေးနိုင်ခြင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း
စသည့် လုပ်ငန်းစဉ်များကို မိမိတို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အနေဖြင့်
ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ရာတွင် မိမိတို့၏ အုပ်ချုပ်ရေးယန္တရား
သည် တည်ငြိမ်နေရမည်၊ ပြည်သူလူထုကို အခြေပြုသည့် ပြုပြင်ပြောင်းလဲမှုများကို အစဉ်အမြဲ
လမ်းဖွင့်ထားရမည်။ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပညာရှင်များ၏ အကြံဉာဏ်များ၊
အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများ၏ အတွေ့အကြုံများကို အခြေခံပြီး သိသာထင်ရှားသည့် အပြောင်းအလဲများ
ဖြစ်ပေါ်လာစေမည့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျချမှတ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် မိမိတို့၏ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနက ချမှတ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ
ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။
ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်
အုပ်ချုပ်ရေးမှူးများနှင့် နေပြည်တော် အုပ်ချုပ်ရေးမှူး တို့သည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်
နေပြည်တော်ကောင်စီ၏ အတွင်းရေးမှူးများအဖြစ် တာဝန်ယူဆောင်ရွက်နေကြရခြင်းဖြစ်သည့်အတွက်
ဒီလို အရေးကြီး တာဝန်များကို ထမ်းဆောင်ကြရာတွင် အုပ်ချုပ်မှုယန္တရား ချောမွေ့စေရန်၊ အုပ်ချုပ်မှုစနစ်
မျှတ မှန်ကန်စေရန်၊ အဂတိလိုက်စားမှုမရှိစေရန်၊ ပွင့်လင်းမြင်သာမှု ရှိစေရန်တို့ကို မူဝါဒ၊
လမ်းညွှန်ချက်များနှင့်အညီ လိုက်ပါဆောင်ရွက်ပေးကြရန် လိုအပ်သည်ဟု အလေးအနက်ထား မှာကြားလိုပါကြောင်း။
နိုင်ငံတော်အစိုးရ၏
အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ခရိုင် အဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများသည် အဓိက
ကျောရိုးနေရာတွင်ရှိသည့် ဝန်ထမ်းများဖြစ်သည့်အတွက် ဌာန၏ မူလလုပ်ငန်းတာဝန်များအပြင်
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊
ဘေးနံတွင်ရှိသည့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဥပဒေပြဋ္ဌာန်းချက်များ၊
အမိန့်နှင့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်က ချမှတ်ပေးသည့်
မူဝါဒများ၊ လမ်းညွှန်ချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည် ဖြစ်ပါ ကြောင်း။
အားလုံးသိကြသည့်အတိုင်း
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသည် တိုင်းဒေသကြီး/ပြည်နယ် အဆင့်မှ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု
အဆင့်အထိ ပြည်သူလူထုနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့ ဆက်ဆံနေကြရခြင်းဖြစ်ပြီး ပြည်သူ့တာဝန်ကို
အနီးဆုံး နေရာများမှ သယ်ပိုးထမ်းဆောင်နေရခြင်း ဖြစ်သည့် အတွက် မိမိတို့ ဝန်ထမ်းများ
တစ်ဦးချင်း၏ ပြုမူပြောဆို ဆက်ဆံမှုများသည် ပြည်သူလူထုအပေါ် အမြဲတမ်း သက်ရောက်မှုရှိနေပါကြောင်း၊
ပြဿနာတွေ အမြဲတမ်း ဖြစ်သည့် ဌာနကြီးဖြစ်ပါကြောင်း၊ တချို့ဝန်ထမ်းတွေဆိုရင် သူတို့တာဝန်ယူရသည့်
မြို့နယ်များတွင် ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တက်ညီလက်ညီ ပူးပေါင်းပြီး
ကိုယ့်မြို့နယ် ကောင်းကျိုးအတွက် ဆွေးနွေးကြသည်၊ တိုင်ပင်ကြသည်၊ ပြီးတော့ လက်တွေ့ကျကျ
တိုးတက် အောင်လည်း လုပ်ကြသည်။ အုပ်ချုပ်ရေးမှူးက လူထုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်၍
အောင်မြင်မှုများ ရသည်။ မြို့ရွာမှ ချစ်ခင်ပြီး လေးစားအားကိုးရသော အုပ်ချုပ်ရေးမှူးများဖြစ်လာသည်
စသည့်သတင်းများလည်း မိမိကြားသိထားပါကြောင်း။
ထို့ကြောင့်
ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဦးတည်လျှောက်လှမ်းကြပြီ
ဆိုလျှင် ဒီအဖွဲ့အစည်းထဲတွင် ပါဝင်နေသည့် ဝန်ထမ်း တစ်ဦးချင်း ကိုယ်တိုင်က စိတ်ဓာတ်နှင့်
ခံယူချက်ကို စတင် ပြီး ပြုပြင်ပြောင်းလဲကြရန် ကြိုးနီစနစ်နှင့် ခေါက်ရိုးကျိုး ဖြစ်မနေရန်၊
တစ်နည်းပြောရလျှင် ပြုပြင်ပြောင်းလဲလိုစိတ် ပြင်းပြသော Reform Minded ရှိနေရန် အထူးအရေးကြီး
ပါကြောင်း၊ ယခုလို နှစ်သစ်ကူးပြောင်းပြီးစအချိန်တွင် စိတ်သစ်၊ လူသစ်၊ ခံယူချက်အသစ်နှင့်
အပြောင်းအလဲ များကို စတင်ကြရန် အလေးအနက်ထား မှာကြားလိုပါ ကြောင်း။
နိုင်ငံတော်၏
အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှု အတွက် အောက်ခြေကစပြီး အခြေခံကျကျ စတင်နိုင်ရန်
အရေးကြီးပါကြောင်း၊ ဒီလိုပြုပြင်ပြောင်းလဲမှုတွင် မိမိတို့ ဝန်ထမ်းများ စံနမူနာပြ ဖြစ်စေချင်ပါကြောင်း၊
အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများတွင် မိမိတို့ ထွေအုပ်ဝန်ထမ်းများက ဒီလိုမျိုး
တက်ညီလက်ညီ ပါဝင်ကြိုးပမ်းခဲ့ကြသည် ဆိုတာကိုလည်း သမိုင်းတွင် ကျန်ရစ်သည်အထိ ဝန်ထမ်းများ၏
အားနှင့် မိမိတို့ လုပ်သွားချင်ပါကြောင်း၊ လူတွေပြောဆို ဝေဖန်နေတာလည်း ဝန်ထမ်းများ
ကြားသိကြမှာ ဖြစ်ပါ ကြောင်း၊ ဒီအပေါ်တွင် မိမိကိုယ်တိုင်လည်း မခံချင်စိတ် ဖြစ်မိပါကြောင်း၊
ဒီကနေ့ တက်ရောက်လာကြသည့် ဝန်ထမ်းများလည်း မိမိနည်းတူ မခံချင်စိတ်နှင့် ကြိုးစား ကြစေချင်ပါကြောင်း။
မိမိသက်တမ်းတစ်လျှောက်
လုပ်ကိုင်လာခဲ့သည့်နေရာတွင် ရင်းရင်းနှီးနှီးဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင်
လုပ်တတ်သည့် သဘောသဘာဝရှိပါကြောင်း၊ မိမိတို့စိတ်ထဲ ခံယူထားရမှာက ပြည်သူနှင့်အတူ ညီညီ
ညွတ်ညွတ်ဖြင့် စုပေါင်းပြီး အပြောင်းအလဲတွေ ဖော်ဆောင် မည်ဆိုလျှင် မဖြစ်နိုင်တာ မရှိပါကြောင်း၊
လူထုကို လေးစား၊ လူထုကို တန်ဖိုးထားပြီး လူထုအားဖြင့် ပြုပြင်ပြောင်းလဲမှု များကို ဖန်တီးသွားကြရန်
အရေးကြီးပါကြောင်း။
အုပ်ချုပ်ရေးယန္တရားသည်
ကိုလိုနီခေတ်မှစပြီး အုပ်စိုးသူများ၏ အလိုအတိုင်း လိုက်ပါဖော်ဆောင်ခဲ့ရာ တွင် အာဏာပိုင်အဖွဲ့အစည်း၊
အုပ်ချုပ်သူလူတန်းစား ဆိုပြီး အမြင်များ ရှိခဲ့ကြပါကြောင်း၊ ဒီကနေ့ခေတ်တွင် ပြည်သူလူထု၏
ဝန်ကိုဆောင်ရန် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအနေဖြင့် ကိုယ်တာဝန်ယူရာ
မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ကောင်းရာကောင်းကျိုးကို သယ်ပိုး ကာကွယ်ပေးရမည်
ဖြစ်ပါကြောင်း။
ယခုပြီးလျှင်လည်း
တာဝန်ရှိသူများဆီက ပွင့်ပွင့် လင်းလင်း တင်ပြသည်များကို နားထောင်လိုပါကြောင်း၊ အခက်အခဲများ
ရှိနေလျှင်လည်း မိမိတို့ဖြေရှင်းပေးနိုင် အောင် မိသားစုစိတ်ဓာတ်ဖြင့် အတတ်နိုင်ဆုံး
ကြိုးစားပေး ချင်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့်
ဝန်ထမ်းများကို နိုင်ငံတော်အစိုးရ ၏ မူဝါဒများနှင့်ပတ်သက်ပြီး အလေးအနက်ထား မှာကြား
ချင်သည့် အဓိကအချက်(၂)ချက် ရှိပါကြောင်း။
နံပါတ်
(၁) အချက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကြီး မိမိတို့ဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့လိုက်
သည့်အတွက် ဘာတွေများဖြစ်လာမလဲဆိုသည့် စိုးရိမ် ပူပန်မှုများမရှိကြရန် ပထမဆုံး ပြောချင်ပါကြောင်း၊
အုပ်ချုပ်ရေးယန္တရား တည်တည်ငြိမ်ငြိမ်နှင့် လည်ပတ်ပြီး နောက်တစ်ဆင့်အနေဖြင့် အပြောင်းအလဲများ
ဦးတည်ကြ ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုယ့်တာဝန် ကို ကျေပွန်အောင် ဥပဒေ၊
စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်အောင် ကြိုးစားပြီး ယခင်အတိုင်း ဆက်လက် လုပ်ကိုင်ကြရန်၊
ပြောင်းလဲလာသည့် မူဝါဒညွှန်ကြားချက် များနှင့်အညီ ပြုပြင်ပြောင်းလဲမှုများကို လိုက်ပါဆောင်ရွက်
ပေးကြရန် မှာကြားချင်ပါကြောင်း။
နံပါတ်(၂)အနေဖြင့်
ဒီလိုကြိုးပမ်းဆောင်ရွက်သည့် နေရာတွင် လူထုကိုမျက်နှာမူပြီး အပြောင်းအလဲများ ဖော်ဆောင်နိုင်အောင်
ကြိုးပမ်းကြရန် မှာကြားချင်ပါ ကြောင်း။
စိတ်ဓာတ်နှင့်ခံယူချက်များ
ပြောင်းရမည်၊ လူထု၏ လိုအပ်ချက်များကို အစဉ်အမြဲဖြည့်ဆည်းပေးနိုင်ရန် အချိန် မရွေး အဆင်သင့်ရှိနေရမည်၊
လူထုနှင့် နီးစပ်ပြီး လူထုက အားကိုးယုံကြည်သော အုပ်ချုပ်ရေးမှူးကောင်းများဖြစ် လာအောင်
မိမိတို့အားလုံးကြိုးပမ်းနိုင်မှ တန်ကာကျပါမည်၊ မိမိတို့အားလုံး ကြိုးပမ်းဆောင်ရွက်မည်ဟုလည်း
ခိုင်ခိုင် မာမာ ယုံကြည်ပါကြောင်း။
ထို့ကြောင့်
ဒီကနေ့တွေ့ဆုံမှုကို မိမိအထူးပင် အလေး အနက်ထားပါကြောင်း၊ ဝန်ထမ်းများကိုတွေ့ဆုံပြီး
အခုလို ပြောကြားခွင့်ရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ဝန်ထမ်းတွေအားလုံး
စိတ်ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန် အဟုန်ဖြင့်
ဖော်ဆောင်ကြပြီး “ပြုပြင်ပြောင်းလဲမှု စံနမူနာပြ ထွေအုပ်က” ဟု ဆိုနိုင်သည်အထိ ဖြစ်ပေါ်လာအောင်
ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း ပြောကြားသည်။
ထို့နောက်
ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက် များနှင့်စပ်လျဉ်း၍
လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး ဆောင်ရွက်ရန်အချက် များကို လမ်းညွှန်မှာကြားသည်။
(သတင်းစဉ်)

No comments:
Post a Comment