Monday, January 7, 2019

ပြည်တွင်းပဲဆီ၊ နှမ်းဆီများ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ထုတ်လုပ်မှုစရိတ် ကျဆင်းအောင် ဆောင်ရွက်ရမည်


နေပြည်တော် ဇန်နဝါရီ ၆
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ ဒုတိယအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အခမ်းအနားနှင့် ပြည်တွင်း ဆီစက်များ၏ ထုတ်ကုန်ပြပွဲကို ယမန်နေ့က မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနား မစတင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်တွင်း ဆီစက်များ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ ဒုတိယအကြိမ် အသင်းသား စုံညီနှစ်ပတ်လည်အခမ်းအနား၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနသည် ကုန်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးတို့တွင် အဓိကဆောင်ရွက်နေသည့် ဝန်ကြီးဌာန ဖြစ်ကြောင်း။
မြန်မာနိုင်ငံဆီစက်များနှင့်ပတ်သက်၍ စက်မှုဇုန်များတွင် ဆီစက်အရေအတွက် ကျဆင်းနေသည်ကို တွေ့ရပါကြောင်း၊ ယခင်က ဆီအမြောက်အမြား ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုအခါ ပြည်ပမှ ၇ဝ ရာခိုင်နှုန်းခန့် တင်သွင်းနေရပါကြောင်း၊ ဆီစက်လုပ်ငန်းများ ကျဆင်းလာမှုကို လေ့လာကြည့်ပါက ပြည်ပမှ စားသုံးဆီများအား ဈေးနှုန်းသက်သာစွာ သုံးစွဲနေကြ ခြင်းကြောင့်ဖြစ်သဖြင့် စားသုံးဆီသုံးစွဲမှုနှုန်းလည်း မြင့်မား လာခဲ့ပါကြောင်း၊ ထို့ပြင် ပြည်တွင်းမှ ပဲဆီ၊ နှမ်းဆီအချို့တွင် လည်း စားသုံးဆီများရောနှော၍ ပဲဆီ၊ နှမ်းဆီရနံ့များ ထည့်သွင်း အသုံးပြု ရောင်းချနေကြသည်ကို တွေ့ရှိရပြီး စားသုံးသူများ၏ ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါကြောင်း၊ ပြည်တွင်းပဲဆီ၊ နှမ်းဆီများ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ထုတ်လုပ်မှု စရိတ်ကျဆင်းအောင် ပဏာမဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်ကြမ်း အထွက်နှုန်းတိုးတက်စေရန်နှင့် ဆီထုတ်လုပ်မှု မြင့်မားလာစေရန် လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ထို့ပြင် ဆီစက်လုပ်ငန်းများသည် ပြည်တွင်းရှိတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစားအစာများ လည်း ထုတ်လုပ်ပေးနိုင်ပြီး ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ ကိုလည်း များစွာအထောက်အကူဖြစ်စေပါကြောင်း၊ သို့ဖြစ်ပါ၍ Good Manufacturing Product ဖြစ်စေရန် အရည်အသွေး ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပြီး ဆီထွက်နှုန်းတိုးမြင့်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဲနှင့်နှမ်းတိုးချဲ့ စိုက်ပျိုးထုတ်လုပ် နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းထုတ်လုပ်သည့် ဆီများအား Hazard Analysis and Critical Control Points (HACCP) Certificate ရရှိသည်အထိ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ဆီအတုအပများသည် ကျန်းမာရေး အား ထိခိုက်နိုင်သဖြင့် စားသုံးသူပြည်သူများ ဘေးအ္တရာယ် ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး Pyin Oo Lwin Centre ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် သီးနှံအလိုက် အစုအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့သစ်သီး ဝလံပန်းမန်များကို အရည်အသွေးမီစံနှုန်းများနှင့်အညီ စိုက်ပျိုး ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တိုးမြှင့်တင်ပို့ရောင်းချ နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတို့အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ မျိုးပိုးဥနှင့် ပိုးဥ သုတေသနခြံ ပြင်ဦးလွင်မြို့သို့ သွားရောက်လေ့လာ ကြည့်ရှု ခဲ့ပြီး ပိုးစာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment