Friday, November 9, 2018

မန္တလေး တိုင်းဒေသကြီး အတွင်း ကုန်သွယ်မှု လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မန္တလေး စီးပွားရေးဖိုရမ်နှင့် ပြပွဲကျင်းပ


မန္တလေး နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် New Starlight Group of Companies တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပူးပေါင်းစီစဉ်ကျင်းပ သည့် ၂၀၁၈ မန္တလေးစီးပွားရေးဖိုရမ် (Mandalay Business Forum 2018) နှင့် ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေး ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပသည်။

၂၀၁၈ မန္တလေးစီးပွားရေး ဖိုရမ်သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ကြပြီး နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် Mandalay Business Forum 2018 Trade Fair တွင် ဖွင့်လှစ်ပြသထားသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ၂၀၁၈ မန္တလေးစီးပွားရေး ဖိုရမ်ကို စတင်ကျင်းပရာ မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေး တိုင်းဒေသကြီးတွင် ရင်းနှံမြှုပ်နှံမှု စီးပွားကူးသန်း ရောင်းဝယ်မှုနှင့် ခရီးသွားလာမှု မြင့်တင်နိုင်မည့် အခွင့်အလမ်းကောင်းများ ရှိနေသည်ကို ဖော်ထုတ်ပြနိုင်ရန် ယနေ့ စီးပွားရေးဖိုရမ်ကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ၌ ကုမ္ပဏီများ အက်ဥပဒေနှင့် အကောက်ခွန် ဆိုင်ရာ အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ မရှင်းလင်းသည်များကိုလည်း မေးမြန်းဆွေးနွေး ကြမည့်အပြင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ တွေ့ဆုံ၍ မြန်မာ နိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းကို မြင့်တင်နိုင်မည့် ဆွေးနွေးပွဲလည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် မြို့တစ်မြို့မှ စီးပွားရေးဖိုရမ်တစ်ခု ဆောင်ရွက်ပေးမှု အပေါ် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်လာကြသည့် အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်း၌ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်း ကောင်းများ အများအပြား ရှိနေသည့်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရက စည်းကမ်းဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး ဖြေလျော့မှု များပေး၍ လုပ်ကိုင်ခွင့်ရစေရန် အပြည့်အ၀ အကူအညီများ ပေးသွားမည်ဖြစ်သောကြောင့် လာရောက် ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မိမိတို့အနေဖြင့် ပြုပြင် ပြောင်းလဲရေးများကို လုပ်ဆောင်နေသည့် ကာလဖြစ်ပြီး ရေရှည်တည်တံ့သော စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ မိမိတို့နိုင်ငံသည် အလျင်အမြန်တိုးတက်နေသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကြားတွင် တည်ရှိပြီး မဟာဗျူဟာမြောက် အချက်အခြာကျသည့် နေရာတွင်ရှိပါကြောင်း၊ လူငယ်လူရွယ်များ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာရှိပြီး စီးပွားရေး အခွင့်အလမ်းကောင်းများစွာ ရှိပါကြောင်း။
မန္တလေးမြို့သည် ယဉ်ကျေးမှုမြို့တော်ဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်း ရင်းမြစ်များရှိပြီး ဆောက်လုပ်ရေး လုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး အဓိကကျသော နေရာတွင် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည်ခံသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို ရည်မှန်းချက်ပန်းတိုင်များ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ဖိုရမ်သည် မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများ အတွက်လည်း အလုပ်အကိုင်အခွင့် အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင် နိုင်ရေးအတွက် ထုတ်ဖော်ပြသည့် နေရာဖြစ်ပါကြောင်း၊ အခွင့်အလမ်းများနှင့် အကျိုးအမြတ်များ မည်သို့ ရနိုင်မည်ဆိုသည်ကို သိနိုင်မည်ဖြစ်ပါကြောင်း။
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများသည် ရင်နှီးမြှပ်နှံသူများအတွက် တိုးတက် ပြောင်းလဲမှု၊ အရည်အသွေး တိုးတက်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ပိုမို အဆင်ပြေစေပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်နိုင်စေရန် အတွက်သာမက ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် လုပ်နိုင်စွမ်းအား များကိုလည်း တိုးတက်လာစေရန် ရည်ရွယ်ထား ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဦးအောင်ထူးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် တက်ရောက်လာသူများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ယင်းနောက် စီးပွားရေးစကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက Mandalay: the heart and hub of Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ New Starlight Group of Companies မှ ဦးလင်းထွဋ်ဦးက Promoting Modern Urban Lifestyle in Mandalay ခေါင်းစဉ်ဖြင့် လည်းကောင်း၊ President of Mandalay Region Mango Group, Vice President Mandalay Region Fruit, Flower and Vegetable Producer and Exporter Association မှ ဒေါ်သန်းသန်းဆွေက Food Processing of Mandalay Region Fruit: Opportunity & Challenge ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ Mandalay Myotha Industrial Development Public Co.,Ltd မှ Managing Director ဒေါက်တာထွန်းထွန်းအောင်က Golden Land of Myanmar, Road to Mandalay ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Myanmar International Freight Forwarder's Association မှ General Secretary ဒေါ်လှလှရီက Logistics Hub: Opportunities and Challenges ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Public Relation Section, Department 0f Urban and Housing Development, Naypyitaw မှ Director ဒေါ်မိုးသီတာက Why City development is important ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Ministry of Hotels and Tourism မှ Assistant Director ဦးစန်းယုက Tourism Investment ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် ၂၀၁၈ မန္တလေး စီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ် ကြီးများ၊ သံရုံးအသီးသီးမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တွင် ပြည်ပမှ လာရောက် ဖွင့်လှစ် ထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ၁၂၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
မန္တလေး တိုင်းဒေသကြီးအတွင်း၌ ပြည်တွင်း၊ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေး အခြေခံ အဆောက်အုံများကို နိုဝင်ဘာ ၁၀ ရက် တွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ အင်အား ၂၀၀ ကျော်က လိုက်ပါလေ့လာကြ မည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုးရေးမှ အခြေပြု၍ ဟိုတယ်နှင့် ခရီးသွားလာရေး စသည့် ကဏ္ဍ ပေါင်းစုံပါဝင်သည့် ပြခန်း ၂၂၅ ခန်းကို နိုဝင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ်ပြသ သွားမည်ကြောင်း သိရသည်။
တင်မောင်၊ မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment