ရန်ကုန် နိုဝင်ဘာ ၉
(၁၈)ကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲ ပညာရှင်အဖွဲ့ဆုနှင့် အကောင်းဆုံး
သုတေသန စာတမ်းရှင်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်
ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပါရဂူဘွဲ့ရကျမ်းများ သုတေသန စာတမ်းများကို ဘာသာရပ် နယ်ပယ်စုံ အရေအတွက် တစ်နှစ် ထက် တစ်နှစ်ပိုမိုများပြားလာပြီး ဖတ်ကြားပြီးသည့် အရည်အသွေးမီ စာတမ်းများကို International Standard Serial Number (ISSN) ရရှိပြီးဖြစ်သည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံသုတေသန ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ပေးလျက်ရှိပါကြောင်း၊ သုတေသနလုပ်ငန်း များကို ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးမှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ICT အားပြုသည့် အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အင်္ဂလိပ်စာ အရည်အသွေးများ ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်း အသီးသီးရှိ သုတေသီ များအနေဖြင့် ပိုမိုအားထုတ် လေ့လာသင်ယူ ဆောင်ရွက်ကြခြင်းဖြင့် အရည်အသွေး ပြည့်မီသည့် သုတေသနစာတမ်းများ ပိုမိုရေးသားနိုင်ရေး အရည်အသွေးရှိသော ဘွဲ့ရလူငယ် မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးနိုင်ရေး တို့အတွက် ညီညီညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သက်လွင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ သံအမတ်ကြီး(ငြိမ်း) ဒေါက်တာဦးလှမောင်နှင့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်တို့က မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပံ္ပပညာရှင်အဖွဲ့ ဆုရရှိကြသူများအား ဆုများပေးအပ်ကြသည်။
ထို့နောက် အကောင်းဆုံး သုတေသနစာတမ်းရှင် ဆုရရှိကြသူများအား မြန်မာစာ အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ ဂုဏ်ထူးဆောင် နာယက ဆရာကြီးဒေါက်တာ ဦးသန်းဦး နှင့်တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပံ္ပပညာရှင်အဖွဲ့ ဆုရရှိကြသူများကိုယ်စား ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဒေါက်တာ ကျော်လင်းဇော်နှင့် ၂၀၁၈ ခုနှစ် အတွက် အကောင်းဆုံးသုတေသနစာတမ်းရှင်ဆု ရရှိကြသူများကိုယ်စား ရန်ကုန်ပညာရေး တက္ကသိုလ် ပညာရေးသဘောတရားဌာန လက်ထောက်ကထိက ဒေါက်တာနုနုထွေးက ကျေးဇူးတင် စကား ပြောကြားကြသည်။
(သတင်းစဉ်)

No comments:
Post a Comment