Friday, November 9, 2018

မြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်ရေးဆွဲခြင်း ဆွေးနွေးပွဲ သံတွဲ၌ ကျင်းပ




သံတွဲ နိုဝင်ဘာ ၉
H&M Foundation (UNICEF) ၏ ပံ့ပိုးမှုဖြင့်ဆောင်ရွက်သည့် မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက် ရေးဆွဲခြင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်က သံတွဲမြို့နယ် ပညာရေးမှူးရုံး၊ ဦးကျော်ရင်ခန်းမ၌ ကျင်းပ ခဲ့သည်။

ဆွေးနွေးပွဲတွင် သံတွဲမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်စန်းမောင်က မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ရေးဆွဲခြင်း ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ စီမံချက်များ ရေးဆွဲ ဆောင်ရွက်ခြင်းဖြင့် မိမိလုပ်ငန်းကဲ့သို့ တန်ဖိုးထားသည့် စိတ်ဓာတ်နှင့် ဦးဆောင်လိုစိတ်များ ပိုမိုတိုးပွား လာခြင်း ၊ မြို့နယ်များအကြားနှင့် မြို့နယ်အတွင်းရှိ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တန်းတူညီမျှမှုများ ပိုမိုဖြစ်ထွန်းလာခြင်း၊ မြို့နယ်များတွင် ပညာရေးဝန်ဆောင်မှုပေးရာ ကွဲပြားနေသော လိုအပ်ချက်များကို ပိုမို ထိရောက်စွာနှင့် စွမ်းဆောင်ရည်မြင့်မားစွာ ဖြည့်ဆည်းပေးနိုင်ခြင်း၊ ဘတ်ဂျက်လုပ်ငန်းစဉ်များကြိုတင် ခန့်မှန်း နိုင်စေရန်နှင့် ပညာရေးအဆင့်အားလုံး၏ ကဏ္ဍအလိုက် လုပ်ဆောင်မှုများကို ပိုပိုတာဝန်ခံနိုင်လာခြင်း စသည့်ကောင်းကျိုးများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ပါ အညွှန်းကိန်းများနှင့် ကွင်းဆင်း စစ်တမ်း ကောက်ယူ ဆွေးနွေးမှုဖြင့် ရရှိလာသည့် အားနည်းချက်၊ အားသာချက် ၆ ချက်အပေါ် ကဏ္ဍတစ်ခုခြင်းအလိုက် ဖြည့်ဆည်း ဆောင်ရွက်ရန် လိုအပ်ချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း၊ သံတွဲခရိုင် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကျော်နိုင်ဝင်း၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာ၊ ခရိုင်ပြန်/ဆက် ဦးစီးမှူးဦးမြင့်ရွှေ ၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးခိုင်ထွန်းဆွှေ၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေနှင့် တာဝန် ရှိသူများ ၊ အငြိမ်းစား ဆရာကြီးဆရာမကြီးများ အခြေခံပညာဦးစီးဌာန (နေပြည်တော်)မှ ဦးစီးအရာရှိ ဒေါ်ဝင်းမာလာ ၊သံတွဲခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေသက်တင် နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အကြံပြု ဆွေးနွေးတင်ပြကြသည်။
အဆိုပါအားနည်းချက် ၆ ချက်မှာ ယင်လုံအိမ်သာလုံလောက်မှုမရှိခြင်း ၊ သောက်သုံးရေ လုံလောက်မှု မရှိခြင်း ၊ အဆောက်အဦလုံလောက်မှုမရှိခြင်း၊ ကျောင်းစာကြည့်တိုက်လုံလောက်မှုမရှိခြင်း ၊အဆင့်ပြီးမြောက်မှု ကျဆင်းခြင်း ၊ လျှပ်စစ်မီးမရှိခြင်း နှင့် မူကြိုပညာရေးဖွင့်လှစ်သင်ကြားမှု မရှိခြင်း တို့ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment